ဖယ်ခုံမှာ ကလေး ၂၀ ကျော် ဝမ်းရောဂါဖြစ်နေ၊ တစ်ဦးသေဆုံး
2023.02.21

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းက ဗူးပြားရွာမှာ ဒေသခံနှစ်ဦးအပါအဝင် ကလေးငယ် ၂၀ ကျော် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်နေပြီး ဖေဖော်ဝါရီ ၁၄ ရက်နေ့က ခုနစ်လအရွယ် ကလေးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီရွာမှာ အိမ်ခြေ ၅၁ လုံးနဲ့ လူဦးရေ ၃၀၀ ကျော်နေထိုင်ပြီး ကယားပြည်နယ်အတွင်းက ထွက်ပြေးလာရတဲ့ စစ်ဘေးဒုက္ခသည်တွေပါ ရှိနေတယ်လို့ ဆိုပါတယ်။
ကလေးငယ်အများစုဟာ အသက်အရွယ်အလိုက် ပုံမှန်သောက်သုံးရတဲ့ ကာကွယ်ဆေး မရတာကြောင့် ဝမ်းရောဂါ ပိုအဖြစ်များနေတယ်လို့ မိုးဗြဲကူညီရေးအဖွဲ့ (Mobye Rescue Team) တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
"ကလေးတွေက အရင်စဖြစ်တာပေါ့။ အဲဒီကနေ လူကြီးတွေကိုပါ ကူးစက်တာ။ ဖြစ်တဲ့ သူအများစုရဲ့ ဝမ်းတွေက အဖြူရောင်တွေ။ တကယ်လို့ ပုံမှန်အခြေအနေမှာဆိုရင် ဓာတ်ခွဲခန်းကိုယူပြီး စစ်ပြီးရင် ခဏလေးနဲ့ ပြန်ထိန်းချုပ်လို့ ရတယ်။ အခုက ဓာတ်ခွဲ ခန်းလည်းမရှိ၊ ဆေးဝါးလည်း အများကြီး သယ်လို့မရတဲ့အခါကျတော့ ကုသရေးဟာ ခက်ခဲနေပြီး ကလေးတွေ အသက်သေဆုံးတဲ့အထိ ဖြစ်နေတာ"
ဗူးပြားရွာကနေ တခြားရွာတွေကို ဝမ်းရောဂါ ထပ်မကူးစက်နိုင်အောင် ရောဂါထိန်းချုပ်မှု တချို့ကိုတော့ စီမံထားတယ်လို့လည်း မိုးဗြဲကူညီရေးအဖွဲ့ တာဝန်ရှိသူက ဆိုပါတယ်။
ဝမ်းရောဂါဖြစ်နေတဲ့ ကလေးငယ်တွေထဲမှာ အသက် ခုနစ်လကနေ ၁၄ နှစ်အရွယ်အထိ ပါဝင်ပြီး လူကြီး နှစ်ဦးကတော့ အသက် ၄၀ ကျော်အရွယ် အမျိုးသမီးနဲ့ အမျိုးသား ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကယားပြည်နယ်နဲ့ ရှမ်း-ကယားနယ်စပ်တွေမှာ နေထိုင်နေကြတဲ့ စစ်ဘေးဒုက္ခသည် တွေလည်း အခုလို ရေရှားပါးတဲ့ နွေရာသီမှာ သောက်သုံးရေမသန့်ရှင်းတာကြောင့် နောက်ဆက်တွဲ ဝမ်းရောဂါတွေ နှစ်စဉ် ဖြစ်နေရတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (Unicef Myanmar) ရဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ ထုတ်ပြန်ချက်ထဲမှာ နိုင်ငံတစ်ဝန်းက ကလေးငယ်သုံးသန်းကျော်ဟာ သန့်ရှင်းတဲ့ သောက်သုံးရေ မရတာကြောင့် နောက်ဆက်တွဲ ကျန်းမာရေးအန္တရာယ်တွေကို ရင်ဆိုင်နေရတယ်လို့ ဖော်ပြထားပါတယ်။