ငြိမ်းချမ်းရေးကို ထိခိုက်ရေးသားထုတ်လွှင့်မှု PEN Myanmar စောင့်ကြည့်မည်
2014.04.25

ငြိမ်းချမ်းရေးကို ပျက်ပြားစေမယ့် အရေးအသားတွေနဲ့ ပဋိပက္ခတွေကိုဖြစ်စေမယ့် ထုတ်လွှင့်ဖေါ်ပြချက်တွေ ကို စောင့်ကည့်လေ့လာပြီး ပြည်တွင်းနဲ့ နိုင်ငံတကာကို တင်ပြသွားမယ်လို့ PEN Myanmar အဖွဲ့က ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
ဒီနေ့ ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းမှာရှိတဲ့ Home Media ရုံးခန်းမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ PEN Myanmar အဖွဲ့ဝင် စာရေးဆရာမ မသီတာ( စမ်းချောင်း) က အခုလိုပြောပါတယ်။
"ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ပဋိပက္ခတွေ အခုဖြစ်လာတယ်၊ လူတိုင်းမှာ စိတ်ပူရ မှုတွေ ဖြစ်လာတယ်၊ လက်နက်ကိုင် ပဋိပက္ခတွေတင်မကတော့ဘဲနဲ့ လူတစ်စုနဲ့ တစ်စုကြားထဲမှာ အမုန်းတရားကို အခြေခံပြီးတော့ အကြမ်းဖက်ပဋိပက္ခတွေ ပေါ်ပေါက်လာတယ်၊ အဲဒီကြားထဲမှာမှ မီဒီယာတွေကို လက်ညှိးထိုးလာကြတယ်ပေါ့၊ ရုပ်ရှင်တွေ ဗွီဒီယိုတွေ သီချင်းတွေ အွန်လိုင်းက ဖေ့ဘုတ်တွေပေါ်မှာ လူမှုရေးဝက်ဘ်ဆိုဒ်တွေပေါ်မှာ ပုံနှိပ်တွေကအစပေါ့နော်၊ နောက်ပြီးအတိအကျ ငြိမ်းချမ်းရေးကို ချဉ်းကပ်စေချင်တယ်၊ အဲဒီအတွက်ကြောင့်မို့ ကျမတို့က ဒီအစီအစဉ်လေးကိုလုပ်ပါတယ်"
မီဒီယာအသီးသီးက ရေးသားတင်ပြချက်တွေကြောင့် ပဋိပက္ခတွေ ပိုဆိုးစေတယ်လို့ ယေဘူယျ ပြောဆိုစွပ်စွဲမူတွေ ရှိနေပေမဲ့ အချက်အလက်အတိအကျနဲ့ တင်ပြနိုင်ဖို့အတွက် PEN Myanmar အဖွဲ့က ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။ အဲဒီ သုတေသနပြုချက်ကရလာမယ့် အစီရင်ခံစာတစ်စောင်ကို PEN Myanmar အဖွဲ့က မြန်မာ၊ အင်္ဂလိပ်ဘာသာတွေနဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာကို တင်ပြနိုင်ဖို့လည်း ပြင်ဆင်နေကြပါတယ်။
ဒါ့အပြင် PEN myanmar အဖွဲ့က ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးအတွက် စာရေးဆရာများကော်မတီကလည်း လာမယ့် စက်တင်ဘာလ ၂၁ ရက်နေ့မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ဝတ္ထုတို၊ ကဗျာပြိူင်ပွဲ ကျင်းပသွားမှာဖြစ်ပါတယ်။
ငြိမ်းချမ်းရေးရည်ရွယ်ချက်နဲ့ ပြုလုပ်မယ့် ကဗျာနဲ့ ဝတ္တုတိုပြိုင်ပွဲအတွက် လူငယ်တွေကို အဓိကထားဖိတ်ခေါ်တာဖြစ် ပြီး ပြိုင်ပွဲမှာရေးသားရမယ့် ဝတ္တုတိုအတွက် စာမျက်နှာကန့်သတ်ထားမှု မရှိကြောင်း သိရပါတယ်။ ဒါ့အပြင် တိုင်းရင်းသားလူငယ်တွေအနေနဲ့ မိမိတို့ သက်ဆိုင်ရာ ဘာသာစကားအလိုက် ရေးသားပြိုင်ပွဲဝင်ကြဖို့ကိုလည်း တိုက်တွန်းသွားပါတယ်။
PEN Myanmar အဖွဲ့ဝင် စာရေးဆရာမ မသီတာ (စမ်းချောင်း) ကို RFA ဝိုင်းတော်သား ဦးဝင်းနိုင် တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။