မီဒီယာသမားများအပေါ် ခြိမ်းခြောက်မှု PEN Myanmar ကြေညာချက်ထုတ်
2015.02.23

လောက်ကိုင်မြို့မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ကိုးကန့်လက်နက်ကိုင်အဖွဲ့ကို ဆက်သွယ်မေးမြန်းတဲ့ သတင်းမီဒီယာတွေအနေနဲ့ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) နဲ့ ငြိစွန်းနိုင်တယ်ဆိုတဲ့ တပ်မတော်ရဲ့ပြောဆိုချက်တွေဟာ ခြိမ်းခြောက်မှုဖြစ်ကြောင်း PEN Myanmar အဖွဲ့က ကြေညာချက်ထုတ်လိုက်ပါတယ်။
အစိုးရက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေစဉ်မှာ အခုလိုပြောဆိုမှုတွေဟာ တိုက်ပွဲသတင်းယူနေတဲ့ သတင်းသမားတွေကို ခြိမ်းခြောက်ရာရောက်တယ်လို့ PEN Myanmar ဥက္ကဌ စာရေးဆရာမ မသီတာ(စမ်းချောင်း) က ပြောပါတယ်။
"လက်ရှိလုပ်နေတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်တဲ့ လုပ်ငန်းစဉ်တွေမှာ ဘယ်လောက်ထဲထဲဝင်ဝင် သိရှိမှုရှိနေသလဲ၊ အဲဒီ့မှာ သတင်းသမား မီဒီယာတွေရဲ့ အခန်းကဏ္ဍပေါ့နော်၊ လူထုရဲ့သတင်းသိပိုင်ခွင့် ကို ဖြည့်ဆည်းခြင်းအားဖြင့် လူတွေကို အသိပေးနိုင်သလောက် အသိပေးအောင် ကြိုးစားခြင်းအားဖြင့် အားဖြည့်နေတာကို နားလည်စေချင်တယ်၊ အဲ့လိုမဟုတ်တဲ့အတွက်ကြောင့်မို့ ၁၇(၁) တို့ ဘာတို့ဆိုတဲ့ ကိစ္စတွေကို ပြောလာတာပေါ့နော်၊ လက်တွေ့ဖြစ်ရပ်နဲ့ အင်မတန်ကွာဟတဲ့ စကားမျိုးတွေပြောလာ တာဟာ နိုင်ငံတော်အနေနဲ့ လုပ်နေတဲ့လုပ်ငန်းတွေအတွက်ကို ဘာမှအထောက်အကူမပြုနိုင်ဘူးပေါ့၊ သတင်းသမားတွေကို ခြိမ်းခြောက်ရာကျတယ်"
ဒါ့အပြင် တိုက်ပွဲသတင်းတွေ ရယူနေတဲ့ သတင်းမီဒီယာသမားတွေ ခြိမ်းခြောက်မခံရစေဖို့အတွက် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီအနေနဲ့ တပ်မတော်နဲ့ ဆွေးနွေးဆောင်ရွက်ပေးဖို့ တိုက်တွန်းထားပါတယ်။
ဒီလ ၂၁- ရက်နေ့က နေပြည်တော်မှာ ကာကွယ်ရေးဦးစီးချုပ်ရုံးကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦးက ကိုးကန့်အဖွဲ့ကို သောင်းကျန်းသူတွေအဖြစ် သတ်မှတ်ထားကြောင်းနဲ့ မတရားအသင်းဆက်သွယ်မှုဥပဒေလည်း ရှိနေတဲ့အတွက် သတင်းမီဒီယာတွေအနေနဲ့ အဲဒီအဖွဲ့နဲ့ ဆက်သွယ်သင့် မသင့်ကို စဉ်းစားဖို့လိုကြောင်း ပြောကြားခဲ့ပါတယ်။
ဒီသတင်းနဲ့ ပတ်သက်ပြီး Pen Myanmar အဖွဲ့ရဲ့ ဥက္ကဌ ဒေါက်တာ မသီတာ(စမ်းချောင်း) ကို RFA အဖွဲ့သူ မခက်မာ ဆက်သွယ်မေးမြန်းထားပါတယ်။