သတင်းသမားများ လွတ်ငြိမ်းချမ်းသာခွင့် Pen Myanmar တောင်းဆို


2015.05.02
pen-myanmar-620.jpeg ရန်ကုန်မြို့ Home Media ရုံးခန်းမှာ ၂ဝ၁၅ ခုနှစ် ဧပြီလ ၂၅ ရက်နေ့ကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ PEN Myanmar အဖွဲ့ဝင် စာရေးဆရာမ မသီတာ( စမ်းချောင်း)(အလယ်)ကို တွေ့ရစဉ်
photo: Thiha Tun/RFA

မနက်ဖြန် မေလ ၃ ရက်နေ့မှာကျရောက်မယ့် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ အထိမ်းအမှတ်နဲ့ ဖမ်းဆီးခံထားရတဲ့ သတင်းသမားအားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့နဲ့ အလွတ်သတင်းထောက် ကိုပါကြီးသေဆုံးမှုကို အမှုမှန်ဖော်ထုတ်ပေးဖို့ Pen Myanmar အဖွဲ့က တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့၂ဝ၁၂ ခုနှစ်နောက်ပိုင်းကစပြီး သတင်းသမားတွေကို အကြောင်းအမျိုးမျိုးနဲ့ တရားစွဲဖမ်းဆီးထောင်ချ တာတွေ တိုးများလာတဲ့အတွက် သတင်းသမားတွေကို ခြိမ်းခြောက်တဲ့ အနေအထားရောက်နေတယ်လို့ Pen Myanmar အဖွဲ့ရဲ့ ဒါရိုက်တာအဖွဲ့ဝင် ဦးမျိုးမြင့်ငြိမ်းက ပြောပါတယ်။

"သတင်းသမားတွေအနေနဲ့က ပြည်သူတွေရဲ့ သတင်းသိပိုင်ခွင့်ကို ဖြည့်ဆည်းပေးရမယ့် တာဝန်ရှိ တယ်၊ နောက်တစ်ခုက ပထမမဏ္ဍိုင်၊ ဒုတိယမဏ္ဍိုင်၊ တတိယမဏ္ဍိုင် မဏ္ဍိုင်ကြီးသုံးရပ်ကို စောင့်ကြည့် ထိန်းကြပ်ပေးတဲ့ စတုတ္ထမဏ္ဍိုင်ဖြစ်တာကိုး၊ ဒါပေမဲ့လည်း ကျနော်တို့ တကယ်တမ်းကျတော့ အဲ့ဒါတွေ လုပ်တဲ့အခါမှာ လွတ်လပ်စွာလုပ်ပိုင်ခွင့် မရှိဘူးဆိုတာတွေ တွေ့ရတယ်လေ၊ စာပေစစ်စိရေးအလွန် ကာလမှာ ကျနော်တို့ သတင်းရေးသားခွင့်တွေ ပထမပိုင်းမှာ ကျနော်တို့ သတင်းလွတ်လပ်ခွင့်ရပါတယ်၊ ဒါပေမယ့် နောက်ပိုင်းကျတော့ သတင်းရေးသားတဲ့အပေါ်မှာ အရေးယူတာမျိုးမဟုတ်ပဲနဲ့ အခြားပေါ့နော် ဆက်နွယ်ပြီးတော့ ဝတ္တရားနှောက်ယှက်မှုမျိုးလိုဟာမျိုး၊ နိုင်ငံတော် လျှိ့ဝှက်ချက် ပေါက်ကြားမှုလိုဟာမျိုး အစရှိသဖြင့် အဲ့လိုဟာမျိုးတွေနဲ့ အရေးယူတာပေါ့၊ ဆိုတော့ ဒါတွေက တဖက်လှည့်နဲ့ပေါ့လေ သတင်းသမားတွေကို ခြိမ်းခြောက်တဲ့အနေအထား ရောက်နေတယ်လို့ ကျနော်တို့ ယူဆပါတယ်"

အစိုးရက သတင်းသမားတွေရဲ့ လွတ်လပ်စွာပြောဆိုရေးသားခွင့်ကို ပိတ်ပင်ပြီး ခိုင်လုံတဲ့ အကြောင်းပြချက်မရှိပဲ တရားစွဲဆိုထောင်ချနေတာကို Pen Myanmar အဖွဲ့က ကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် စာနယ်ဇင်းကောင်စီ (ယာယီ) အပါအဝင် သတင်းမီဒီယာနဲ့ ဆက်နွယ်နေတဲ့ အဖွဲ့အစည်းအားလုံးကလည်း သတင်းသမားတွေ ဖမ်းဆီးထောင်ချခံနေရတာကို ကန့်ကွက်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံမှာ အခုချိန်ထိ ဖမ်းဆီးခံထားရတဲ့ သတင်းထောက် ၂ဝ ဦးလောက်ရှိပြီး တရားရင်ဆိုင်နေရသူ ၂ဝ လောက်ရှိနေတယ်လို့ Pen Myanmar အဖွဲ့က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။