ပီနန်ဆရာတော် ပျံလွန်တော်မူ


2017.11.24
penan-monk-622.jpg ပျံလွန်တော်မူသွားတဲ့ ပီနန်မြို့ ကမ္ဘာ့ဗုဒ္ဓသာသနာပြု ဓမ္မိကာရာမကျောင်းတိုက်ဆရာတော် ဦးပညာဝံသ ကို တွေ့ရစဉ်
ဓါတ်ပုံ - ဗိုလ်ဗိုလ်

၂၀၀၇ ရွှေဝါရောင် သံဃာ့အရေးအခင်းမှာ ပြည်ပကနေ ဦးဆောင်ခဲ့တဲ့ မလေးရှားနိုင်ငံ ပီနန်မြို့ ကမ္ဘာ့ဗုဒ္ဓ သာသနာပြု ဓမ္မိကာရာမကျောင်းတိုက်ဆရာတော်  ဦးပညာဝံသဟာ ဒီကနေ့မနက် မှာ မလေးရှားနိုင်ငံ၊ ပီနန်မြို့မှာ ပျံလွန်တော်မူသွားပြီ ဖြစ်ပါတယ်။

ဆရာတော်ဟာ ကျောက်ကပ်နဲ့ နှလုံးရောဂါကြောင့် သက်တော် ၉၀ ၊ ဝါတော် ၇၀ မှာ ပျံလွန်တော်မူတာဖြစ်ပါတယ် လို့ ဆရာတော်ဘုရားကို အနီးကပ်စောင့်ရှောက်ခဲ့တဲ့ ဆရာတော်ဦးဇာဂရဗုဒ္ဓိက မိန့်ကြားပါတယ်။

"အဓိကရောဂါက ဆရာတော်ကြီးမှာ ကျောက်ကပ်မကောင်းတာပေ့ါနော်။ ကျောက်ကပ်ဆေးနေရတဲ့ အနေထားမျိုး၊ ကျောက်ကပ်ဆေးနေရင်း နှလုံးပါ မကောင်းတာပေါ့။ ဒ့ါကြောင့်မို့လို့ ကျောက်ကပ်နဲ့နှလုံး အဲဒီနှစ်ခု မကောင်းလို့ ပျံလွန်တော်မူရတာပါ။ သြဂုတ်လလောက်မှ စသိတာ။ သြဂုတ်လဆန်း ပိုင်းလောက်မှာ ဆေးစစ်ရင်း ကျောက်ကပ်မကောင်းတာ စတွေ့တာပေါ့။ ကျောက်ကပ်ကိုဆေးရင်းနဲ့ မှ နှလုံးပါ ကူးစက်သွားပြီးတော့ ကျောက်ကပ်ရော နှလုံးရော ဖြစ်နေတာ မကြာသေးဘူး ။ ၃ လကျော်လောက်ပဲရှိမယ်။"

ဆရာတော်ရဲ့ ရုပ်ကလပ်တော်ကို ဓမ္မိကာရာမကျောင်းတိုက်မှာထားရှိပြီး လာမယ့် ဒီဇင်ဘာ ၃ ရက်နေ့မှာ မီးသဂြိုဟ်မှာဖြစ်ပါတယ်။

ပီနန်ဆရာတော်ရဲ့ အရိုးပြာတဝက်ကို ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ပင်လယ်မှာမျော်မှာဖြစ်ပြီး တဝက်ကိုတော့ ဓမ္မိကာရာမကျောင်းတိုက်မှာထားရှိမယ်လို့ မိန့်ပါတယ်။

ပီနန်ဆရာတော်ဘုရားကြီးက ဗုဒ္ဓဘာသာပြန့်ပွားရေးအတွက် နယူးဇီလန်၊ ကနေဒါ၊ ထိုင်ဝမ်၊ မလေးရှားနဲ့ စင်ကာပူအပါအဝင် နိုင်ငံပေါင်း ၂၂ နိုင်ငံမှာ သာသနာပြုကျောင်းပေါင်း ၂၂  ကျောင်းကို တည်ထောင်ခဲ့ တာဖြစ်ပါတယ်။

ဆရာတော်ဟာ ရန်ကုန်မြို့၊ တာမွေမြို့နယ်က မဟာသန္တိသုခကျောင်းတိုက်ကို တည်ထောင်သူလည်းဖြစ်ပါတယ်။

ဆရာတော်ပျံလွန်တော် မမူခင်က ကမ္ဘာအနှံ့မှာရှိတဲ့ သာသနာပြု ကျောင်းပေါင်း ၂၂ ကျောင်းက တပည့် သံဃာတော်တွေကို အဖွဲ့ဖွဲ့ခိုင်းပြီး ဓမ္မိကာရာမကျောင်းကိစ္စနဲ့ ပြေလည်မှုမရသေးတဲ့ မြန်မာနိုင်ငံက သန္တိသုခကျောင်းတိုက်ကိစ္စတို့ကို ပြေလည်အောင် ဆောင်ရွက်ဖို့အပ်ခဲ့တယ်လို့ မိန့်ကြားပါတယ်။

ဆရာတော်ဟာ ၂၀၀၇ ရွှေဝါရောင် သံဃာ့အရေးအခင်းကာလမှာ ပြည်ပကနေ ဦးဆောင်မှုပေးခဲ့တဲ့ သာသနာ့ ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ ဥက္ကဌဖြစ်ပြီး RFA အပါအဝင် ပြည်ပသတင်းဌာနတွေ ကနေ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနဲ့ ဒီမိုကရေစီအရေးနဲ့ ပတ်သက်တဲ့တရားတွေကို ဟောကြားခဲ့ သူလည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။