အခြေခံဥပဒေအရေး ပြည်သူ ပူးပေါင်းမှု အားနည်းကြောင်း ကွန်ရက်အဖွဲ့ပြောကြား
2013.11.19

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သတ်ပြီး ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှု နည်းပါးနေတာတွေ၊ ကြောက်ရွံ့တွေဝေတာတွေ ရှိနေကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ ကွန်ရက်က ဒီနေ့နေ့စွဲနဲ့ သဘောထားကြေငြာချက် တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက Crystal Jade စားသောက်ဆိုင်မှာ ဒီကနေ့ နေ့လည်ပိုင်းကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ခုလို ကြေငြာချက်ထုတ်ပြန် ခဲ့တာပါ။
တိုင်းပြည်တည်ဆောက်ရေးမှာ အရေးအကြီးဆုံးဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲရေးမှာ ပြည်သူလူထုရဲ့ သဘောထားအမှန်ကို ဖော်ထုတ်စေလို တာကြောင့် ကြေငြာချက်ထုတ်ပြန် တိုက်တွန်း တာဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ပြည်သူ့ကွန်ရက် တာဝန်ခံ ကိုစိုးသီဟက ပြောပါတယ်။
“ကျနော်တို့ တောင်ကြီးပွဲကိုလုပ်တယ်၊ ရန်ကုန်ပွဲကိုလုပ်တယ်၊ တက်ရောက်လာတဲ့ ပြည်သူလူထု ဟာ ကြောက်ရွံ့မှုအနည်းငယ် ရှိနေသေးတယ်လို့ ကျနော်တို့ တွေ့မြင်နေရပါတယ်ဆိုတဲ့အချက်ကို မူတည်ပြီးတော့ ကျနော်တို့ဟာ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ရင် ကျနောတို့ ပြည်သူလူထုဟာ မိမိရဲ့သဘောထားတွေ၊ မိမိရဲ့အမြင်တွေကို လွတ်လပ်စွာဖော်ထုတ် ခွင့်၊ ရေးသားခွင့်၊ ဆွေးနွေးအကြံပြုခွင့်တွေရှိပါတယ်”
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၇ ရက်နေ့က ရန်ကုန်မှာကျင်းပတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာဆွေးနွေးပွဲနဲ့ နိုဝင်ဘာလ ၈ ရက်နေ့က ရှမ်းပြည်နယ် တောင်ကြီးမြို့မှာကျင်းပတဲ့ ဆွေးနွေးပွဲတွေအပြီးမှာ ရရှိလာတဲ့ ဆွေးနွေးပွဲဆိုင်ရာ အချက်လက်တွေကို မူတည်ပြီး ခုလို ကြေငြာချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ပတ်သတ်ပြီး ပြည်သူတွေထံက အကြံပြုချက်တွေတောင်းခံရာမှာ မူလသတ်မှတ်ထားတဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့အစား ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ အကြံပြုချက်တွေကိုပေးပို့နိုင်ကြောင်း ပြောင်းလဲသတ်မှတ်ထားတာပါ။