ရက်ပေါင်းကိုးဆယ်နေရုံနဲ့ မဲပေးခွင့်ရှိတဲ့ဥပဒေ ကချင်ပါတီကန့်ကွက်
2020.03.09
ဒေသတခုမှာ ရက်ပေါင်း ၉၀ နေထိုင်ရုံနဲ့ ကိုယ်ရောက်နေတဲ့နေရာမှာ မဲပေးခွင့်ရှိတဲ့ ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေ -၁၀(က)ကို ကချင်အမျိုးသားကွန်ဂရက် KNC ပါတီဦးဆောင်ပြီး မြစ်ကြီးနားမြို့ စိမ်းမြဧရာပန်းခြံမှာ ဒီနေ့ ဆန္ဒပြကြပါတယ်။
ဒီဥပေဒအတိုင်းဆိုရင် လာမယ့် ရွေးကောက်ပွဲမှာ ဒေသခံပါတီတွေရဲ့ အခွင့်အရေးတွေ ဆုံးရှုံးနိုင်လို့ ပယ်ဖျက်သင့်တယ်လို့ KNC ပါတီ ဥက္ကဋ္ဌ M ကောန်လက ပြောပါတယ်။
ရွှေ့ပြောင်းအလုပ်သမားတွေကို ကြိုတင်မဲနဲ့ပဲ မဲပေးခွင့်ပြုပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဒီတောင်းဆိုချက်အပေါ် အစိုးရအနေနဲ့ ကြိုတင်မဲစနစ်မှာ ပွင့်လင်းမြင်သာမှုဘယ်လောက် ရှိသလဲဆိုတာ အရေးကြီးတယ်လို့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လေ့လာနေတဲ့ ဦးဘရန်အောင် ကပြောပါတယ်။
မူလပြဌာန်းထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေ -၁၀(က) မှာ၊ ရွှေ့ပြောင်းသွားလာနေထိုင် သူတွေအနေနဲ့ ကိုယ်ရောက်နေတဲ့ဒေသမှာ အနည်းဆုံး ရက်ပေါင်း ၁၈၀ ထက်မနည်း နေထိုင်မှသာ မဲပေးခွင့်ရှိတယ်လို့ ဖော်ပြထားပါတယ်။ အဲဒီ ပြဌာန်းချက်ကို ရက်ပေါင်း ၉၀ နေထိုင်ရုံနဲ့ ကိုယ်ရောက်နေတဲ့ ဒေသမှာ မဲပေးခွင့် ရရှိတယ်လို့ ပြင်ဆင်ပြီး၊ ၂၀၁၉ ခုနှစ် အောက်တိုဘာလက ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အတည်ပြုလိုက်ပါတယ်။
ဒါကြောင့် အဲဒီပြင်ဆင်လိုက်တဲ့ဥပဒေကို အလိုမရှိကြောင်း ဆန္ဒပြကြတာပါ။
ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့ဘက်ကတော့ တစ်စုံတစ်ရာ မှတ်ချက်ပေးပြောဆို တာတော့မရှိခဲ့ပါဘူး။
ဒီဥပဒေနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာတဲ့ New Myanmar Foundation အဖွဲ့က မမြနန္ဒာသင်းက သူတို့ အဖွဲ့အမြင်ကို ခုလိုပြောပြပါတယ်။
ဆန္ဒပြပွဲမှာ အင်အား (၅၀) လောက်ပါဝင်ပြီး၊ သူတို့က ၂၀၂၀ရွေးကောက်ပွဲ သန့်ရှင်းမျှတဖို့၊ ဖယ်ဒရယ်ဒီမိုကရေစီ အတွက် တားဆီးမှုမှန်သမျှ ဖယ်ရှားဖို့ ဆိုတဲ့အချက်တွေကိုလဲ ကြွေးကြော်တောင်းဆိုခဲ့ကြပါတယ်။
ကချင်ပြည်နယ် ဝိုင်းမော်၊ ဖားကန့်၊ ချီဖွေ ၊ တနိုင်း အစရှိတဲ့ မြို့နယ်တွေမှာ မြန်မာပြည် အနှံ့က ရွှေ့ပြောင်းအလုပ်သမား တစ်သိန်းကျော်အထိရှိနေပါတယ်။