ရွေးကောက်ပွဲ ဥပဒေပြင်ဆင်ရေး တပ်ကိုယ်စားလှယ်တွေကန့်ကွက်
2020.03.23

နေပြည်တော် အမျိုးသားလွှတ်တော်မှာ ရွေးကောက်ပွဲ ဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ပြင်ဆင်ချက်အဆိုတွေကို ဆွေးနွေးခဲ့ရာမှာ တပ်တွင်းမဲရုံတွေကို တပ်ပြင်ပမှာထားရှိရေးနဲ့ ဒေသတစ်ခုမှာ ရက်ပေါင်း ၉၀ နေထိုင်သူတွေ မဲပေးပိုင်ခွင့်ရှိရေး အဆိုမူကြမ်းတွေကို တပ်မတော်သား ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့ကြပါတယ်။
လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေအနေနဲ့ တပ်ပြင်ပမှာ ဒေသခံပြည်သူ တွေနဲ့အတူ မဲပေးရေး ရွေးကောက်ပွဲကော်မရှင်ရဲ့ အဆိုတင်ပြချက်ကို တပ်မတော်သား ကိုယ်စားလှယ် လေးဦးက ဒီနေ့ ဆွေးနွေးခဲ့ပါတယ်။
တပ်မတော်သား ကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူးကြီး အောင်ထွန်းလင်းက "တပ်ပြင်ပ သင့်တော်တဲ့နေရာမှာ မဲပေးဖို့ သတ်မှတ်ပေးရမယ်ဆိုတဲ့ သတ်မှတ်ချက်အစား တပ်တွင်း၊ တပ်ပြင် သင့်တော်တဲ့နေရာကို တပ်မှူးနဲ့ ညှိုနှိုင်းသတ်မှတ်ပေးရမယ်" လို့ ဖြည့်စွတ်ပြင်ဆင်စေလိုကြောင်း လွှတ်တော်မှာ တင်ပြပါတယ်။
တပ်တွင်းမဲပေးရာမှာ လွတ်လပ်ပြီး ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ အရင်ရွေးကောက်ပွဲကာလတွေက ရရှိခဲ့တဲ့ ကြိုတင် မဲတွေအပေါ် သံသယတွေရှိတာခဲ့ကြပါတယ်။ ဒါကြောင့် အာဏာရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနဲ့ တခြားပါတီတချို့က တပ်တွင်းမှာ မဲရုံထားတာဟာ တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေ လွတ်လပ်စွာမဲပေးခွင့် ထိခိုက်နိုင်တယ်ဆိုပြီး စိုးရိမ်ပူပန်ကြတာဖြစ်ပါတယ်။
တပ်ပြင်ပမှာ မဲရုံထားရှိတဲ့အတွက် မဲဆန္ဒရှင် တပ်မတော်သားတွေအတွက် မဲပေးခွင့် မထိနိုင်ဘူးလို့ ခန့်မှန်းမှုတွေ ရှိသလို တဘက်မှာလည်း ဒီလို မဲရုံတွေ တပ်ပြင်ပထုတ်တာဟာ ပြဿနာဖြေရှင်းနည်း မဟုတ်ဘူးလို့ ဝေဖန်မှု တွေလည်းရှိပါတယ်။
တပ်မတော်သားတွေရဲ့အင်အား မဲစာရင်းဟာ တပ်ရဲ့သဘောသဘာဝအရ ထိပ်တန်းလျှို့ဝှက် ထားရှိရမယ့် ကိစ္စဖြစ်တဲ့အတွက် ကြိုတင်ဆန္ဒမဲပေးမယ့် တပ်မတော်သားတွေနဲ့ ပတ်သက်ပြီး ပေါက်ကြားမူမရှိစေဖို့ လိုအပ်ချက်တွေရှိတယ်လို့လည်း တပ်မတော်သား ကိုယ်စားလှယ်တွေက ဆွေးနွေးပါတယ်။
လုံခြုံရေးအရ ထားရမယ့် စာရွက်စာတမ်းတွေ ပေါက်ကြားသွားရင် ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်အက်ဥပဒေ ပုဒ်မအရ ပြစ်မူမြောက်တဲ့အတွက် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့တွေကို အထူးသတိထားဖို့ သတိပေးခဲ့ပါတယ်။
NLD ပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းကတော့ တပ်ပြင်ပမှာ မဲပေးဖို့ဆိုတဲ့ ကိစ္စဟာ အခက်အခဲ သိပ်မရှိနိုင်ပါဘူးလို့ ပြောပါတယ်။
ရခိုင်အမျိုးသားပါတီ ANP က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က တပ်ပြင်ပမှာ မဲရုံထားရှိရင် တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေ ကိုယ်နှစ်သက်ရာပါတီကို လွတ်လွတ်လပ်လပ် မဲပေးနိုင်မယ်လို့ ပြောပါတယ်။
သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတွေအနေနဲ့ တပ်မတော်သားနဲ့ မိသားစုဝင်တွေ သင့်တော်တဲ့နေရာမှာ မဲပေးနိုင်ဖို့ စီစဉ်ပေးရမှာဖြစ်သလို၊ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ၊ ရွေးကောက်ပွဲ ကိုယ်စားလှယ်တွေနဲ့ လေ့လာစောင့်ကြည့်သူတွေ အလွယ်တကူ ဝင်ထွက်နိုင်တဲ့ နေရာဖြစ်ရမယ်လို့လည်း နည်းဥပဒေမှာ ဖော်ပြထားပါတယ်။
ဒီနေ့ အမျိုးသားလွှတ်တော်ဆွေးနွေးရာမှာ ၂၀၁၅ ရွေးကောက်ပွဲကာလက ကျင့်သုံးခဲ့တဲ့ နေရာတစ်ခုမှာ ရက်ပေါင်း ၁၈၀ နေထိုင်သူတွေ မဲပေးပိုင်ခွင့်ရှိတယ်ဆိုတဲ့ အချက်ကို ရက်ပေါင်း ၉၀ အထိ လျှော့ချပြင်ဆင်ဖို့ ကော်မရှင်ရဲ့ ပြင်ဆင်ချက်ကိုလည်း တပ်ကိုယ်စားလှယ်တွေက ကန့်ကွက်ဆွေးနွေးခဲ့ပါတယ်။
ရပ်ပေါင်း ၉၀ နေထိုင်တဲ့သူတွေ မဲပေးခွင့်ရှိတယ်ဆိုရင် တိုင်းရင်းသားဒေသတွေမှာ ရွှေ့ပြောင်းနေထိုင် အလုပ် လုပ်ကိုင်နေသူတွေက ဗမာအများစုပါဝင်တဲ့ နိုင်ငံရေးပါတီကြီးတစ်ခုကို ပုံအောပြီးမဲထည့်မှာကို ဒေသခံ တိုင်းရင်းသားပါတီတွေက စိုးရိမ်မူရှိပါတယ်။
တပ်မတော်သား ကိုယ်စားလှယ်တွေကတော့ ၂၀၁၅ ရွေးကောက်ပွဲမှာလည်း ဒီလိုအခြေအနေတွေ ဖြစ်ခဲ့တဲ့အတွက် ကန့်ကွက်တာတွေရှိခဲ့ပြီး နိုင်ငံရေးအရ ရှုပ်ထွေးနိုင်သလို မဲမသာမာမူတွေလည်း ရှိနိုင်တယ်လို့ ဆိုပါတယ်။
ဒီနေ့ ဆွေးနွေးချက်တွေနဲ့ပတ်သက်လို့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေကို ဆက်သွယ်မေးမြန်း ခဲ့ပေမယ့် မေးမြန်းခွင့်မရခဲ့ပါဘူး။
ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့ကလည်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ တိုင်းရင်းသားပါတီတစ်ခုက ဦးဆောင်ပြီး အဲဒီပြင်ဆင်ချက်ကို ကန့်ကွက်ဆန္ဒပြခဲ့ကြသလို၊ တိုင်းရင်းသားပါတီတွေနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ UNA အဖွဲ့ ကလည်း ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။
NLD ပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းကတော့ ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ သင့်တော်တယ်လို့ယူဆပြီး ဆုံးဖြတ်ထားတဲ့အပေါ် တစိုက်မတ်မတ် အကောင်အထည်ဖော်သင့်တယ်လို့ RFA ကို ပြောပါတယ်။
ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ PACE က အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်က ရွေးကောက်ပွဲ ဖြစ်စဉ်မှာ ပါဝင်သူအားလုံး သဘောမတူနိုင်တဲ့ ဥပဒေအပြောင်းအလဲတွေဖြစ်လာရင် နိုင်ငံရေးအရ မတည်ငြိမ် မှုတွေကို ဖြစ်စေနိုင်တယ်လို့ လွှတ်တော်ကို အဲဒီ မူကြမ်းရောက်လာစဉ်က RFA ကို ပြောခဲ့တာရှိပါတယ်။
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်းက တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ ကန့်ကွက်ဆွေးနွေး ချက်တွေကို လွှတ်တော် ဥပဒေကြမ်းကော်မတီက ပြန်လည်ကြားနာ ဆောင်ရွက်မယ်လို့ ပြောပါတယ်။