ပြည်သူ့ရှေ့ဆောင်ပါတီက အမတ်လောင်း ၂၃၀ ကျော်စာရင်း ထုတ်ပြန်
2020.08.09

စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ ဒေါက်တာဒေါ်သက်သက်ခိုင် ဦးဆောင်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီဟာ လာမယ့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ ပါတီရုံးတွေ မဖွင့်နိုင်သေးတဲ့ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ကယားပြည်နယ်တွေကအပ ကျန်တိုင်းနဲ့ ပြည်နယ် ၁၁ ခုမှာ ကိုယ်စားလှယ်လောင်း ၂၃၀ ကျော်နဲ့ ရွေးကောက်ပွဲ ဝင်ပြိုင်သွားမယ်လို့ ကြေညာလိုက်ပါတယ်။
ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ရာမှာ ပါတီဝင်ဖြစ်ဖို့၊ ပါတီရဲ့ စည်းကမ်းတွေကို လိုက်နာနိုင်သူဖြစ်ဖို့၊ ပညာအရည်အချင်းအသင့်တင့်ရှိဖို့၊ လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာရမှာ အစိုးရကို ထိန်းကျောင်းနိုင်ဖို့အပြင် အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေးလုပ်ငန်းတွေမှာ ဆောင်ရွက်ဖူးတဲ့ လုပ်ငန်းအတွေ့အကြုံရှိသူတွေကို ဦးစားပေး ရွေးချယ်ထားတယ်လို့ ပါတီဥက္ကဋ္ဌ ဒေါက်တာဒေါ်သက်သက်ခိုင် က ပြောပါတယ်။
ဒေါ်သက်သက်ခိုင်က လက်ရှိ ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော်နေရာမှာ ဝင်ရောက်အရွေးမခံတော့ဘဲ မရမ်းကုန်းမြို့နယ်မှာပြောင်းလဲ အရွေးခံမှာဖြစ်ပြီး နေရာအသစ်မှာ အစကနေ စည်းရုံးရေးလုပ်ငန်းကို ဆောင်ရွက်ရမှာဖြစ်တယ်လို့ ပြောပါတယ်။
NLD ပါတီကတော့ မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ၁၉၈၈ ခုနှစ်ကတည်းက NLD ပါတီဝင်ဖြစ်ခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲမှာလည်း မရမ်းကုန်းမဲဆန္ဒနယ် အမှတ်(၂) ကနေ ရွေးကောက်ပွဲ အောင်နိုင်ခဲ့သလို ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွေမှာ မရမ်းကုန်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်အဖြစ် အောင်နိုင်ထားသူ ဒေါက်တာ ဒေါ်မေဝင်းမြင့်ကို ကိုယ်စားလှယ်လောင်းအဖြစ် ပြန်လည်ရွေးချယ်ထားပါတယ်။
ပြည်သူ့ရှေ့ဆောင်ပါတီရဲ့ ဒုတိယဥက္ကဋ္ဋ္ဌဖြစ်တဲ့ ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျကတော့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ဒဂုံ၊ လသာ၊ စမ်းချောင်း၊ ကျောက်တံတား၊ မရမ်းကုန်း၊ ပန်းပဲတန်းမြို့နယ်တွေပါတဲ့ ရန်ကုန်တိုင်း အမျိုးသားလွှတ်တော် အမှတ် (၁၁) ကနေ ရွေးကောက်ပွဲဝင်မှာ ဖြစ်ပါတယ်။
အဲဒီနေရာမှာတော့ NLD ပါတီက လက်ရှိ ရန်ကုန်တိုင်း အမျိုးသားလွှတ်တော်၊ မဲဆန္ဒနယ်မြေ အမှတ် (၅) ရဲ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ ဦးဘမျိုးသိန်းက ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
ပါတီတွေဟာ အမျိုးသမီးပါဝင်မှုကို ဦးစားပေးလာကြပြီး ပြည်သူ့ရှေ့ဆောင်ပါတီကတော့ ကိုယ်စားလှယ် လောင်းတွေထဲမှာ အမျိုးသမီး ၂၃ ရာခိုင်နှုန်း ထည့်သွင်းရွေးချယ်ထားပါတယ်။