ဆီဘောက်ဆာကား မီးလောင်မှု


2017.08.23
boxer-fire-622.jpg ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ် ၂၆ ရပ်ကွက် ပြည်ထောင်စုလမ်းမကြီးပေါ်မှာ သြဂုတ်လ ၂၂ ရက်နေ့က ဆီဘောက်ဆာကားတစီးကို မီးလောင်ပြီးနောက် တွေ့ရစဉ်
Photo: Htet Arker/ RFA

မနေ့ညက ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ် ၂၆ ရပ်ကွက် ပြည်ထောင်စုလမ်းမကြီးပေါ်မှာ စက်သုံးဆီ တင်ဆောင်လာတဲ့ ဆီဘောက်ဆာကားတစီး မီးလောင်ပြီး အနီးပတ်ဝန်းကျင်နေအိမ် ၉ လုံး  မီးကူးစက်လောင်ကျွမ်း ခဲ့ပါတယ်။

ဒီနေ့ မနက်မှာ ရန်ကုန်တိုင်း လွှတ်တော်ဥက္ကဌနဲ့ ကိုယ်စားလှယ်တွေ သွားရောက်ပြီး မီးလောင်တဲ့အထဲမှာ ပါဝင်သွားတဲ့ အိမ်တွေကို ထောက်ပံံ့ငွေပေးအပ်ခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ်က တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးညီညီ က ပြောပါတယ်။

"ဆုံးရှုံးသွားတဲ့ ပြည်သူတွေနဲ့ တွေ့ဆုံပါတယ်၊ လူကယ်ပြန်က ရန်ကုန်တိုင်းအတွင်းရေးမှူး ဦးအေးရွှေ တို့ အုပ်စုကလည်းပဲ တစ်အိမ်ထောင်ကို နှစ်သိန်း၊ တချို့အိမ်ကျတော့လည်း တစ်သိန်းပေါ့ ပစ္စည်းပုံးတွေကို တပြိုင်တည်းကူညီသွားပါတယ်၊ လွှတ်တော်ဥက္ကဌကြီးနဲ့ ကိုယ်စားလှယ်အဖွဲ့တွေကလည်း ၅ သိန်း လှူဒါန်းသွားပါတယ်"

မနေ့ည ၉ နာရီခွဲလောက်က ပြည်ထောင်စုလမ်းအတိုင်း မောင်းလာတဲ့ စက်သုံးဆီ သယ်ဆောင်လာတဲ့ကားကို ကွန်တိန်နာကားက အနောက်ကဝင်တိုက်တဲ့အတွက် ဘောက်ဆာယာဉ်ကနေ စတင်မီးလောင်ကျွမ်းခဲ့တာပါ။ မီးလောင်ချိန်ဟာ ၁ နာရီကျော်လောက်ကြာမြင့်ခဲ့ပြီး မီးသတ်ကား အစီးရေ ၅၀ ကျော်နဲ့ မီးငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။

အခုချိန်ထိတော့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို သေချာမသိရသေးဘူးလို့ ဦးညီညီက ပြောပါတယ်။

ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့  တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေဟာ မနေ့ညက မီးလောင်မှုဖြစ်ပွားခဲ့တဲ့နေရာကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။