တရုတ်တွေ တရားမဝင် ဝင်ရောက်တာကို သတင်းပေးရင် ဆုချီးမြှင့်မည်
2017.05.14
ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်းဒေသဘက်မှာ တရုတ်နိုင်ငံသားတွေ တရားမဝင် ဝင်ရောက်နေထိုင် တာကို သတင်းပေးရင် ဆုငွေချီးမြှင့်မယ်လို့ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူးက လက်မှတ်ရေးထိုး ထုတ်ပြန်ထား ပါတယ်။
ပြည်သူတွေနဲ့ ဌာနဆိုင်ရာတွေ ပူးပေါင်းဆောင်ရွက်နိုင်ရင် နိုင်ငံခြားသားတွေ ဥပဒေမဲ့နေထိုင်မှုတွေအပြင် တရားဥပဒေစိုးမိုးရေးကိုလည်း အထောက်အကူဖြစ်စေကြောင်း ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင် က RFA ကို ဒီကနေ့ ပြောပါတယ်။
"အဓိကတော့ ဒီနယ်မြေထဲကို တရုတ်နိုင်ငံသားတွေ ဝင်ရောက်နေထိုင်ခွင့်မရှိဘူး။ ဝင်နေတဲ့ဟာကို ကျနော်တို့က တရားဥပဒေစိုးမိုးရေးကို အဓိကထားတဲ့အတွက် ဒါတွေကိုဖော်ထုတ်ဖို့လိုတာကို။ ဖော်ထုတ် ဖို့လိုတဲ့အတွက် ကျနော်တို့က ဖော်ထုတ်နိုင်အောင် သတင်းပေးတဲ့လူတွေလည်း ရှိဖို့လိုတယ်။ သတင်းပေး တဲ့လူတွေရှိဖို့အတွက် သတင်းပေးတဲ့လူတွေလည်း သတင်းပေးလာအောင် ကျနော်တို့ဘက်က ကြေညာချက် ထုတ်တာပါ။ သက်ဆိုင်ရာဒေသခံ ပြည်သူတွေကပါ ဒါကို သိပြီးတော့ ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်း ပြီးတော့ ဆောင်ရွက်လာခြင်းအားဖြင့် ရပ်ရွာအတွင်းမှာ ပိုပြီးတော့ တရားဥပဒေစိုးမိုးမှု ရလာနိုင်တာပေါ့"
ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူးက ကျေးရွာနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ပေးပို့ ခဲ့တဲ့ ကြောင်းကြားစာမှာ တရုတ်နိုင်ငံသားတွေ တရားမဝင် တည်းခိုနေထိုင်တာကို သတင်းပေးပို့နိုင်ရင် ဆုငွေကျပ် ၁ သိန်း ချီးမြှင့်မယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် အုပ်ချုပ်ရေးမှူးအားလုံးက မိမိတို့ကျေးရွာ ရပ်ကွက်တွေအတွင်းက ပြည်သူတွေကို ကျယ်ကျယ်ပြန့်ပြန့် အသိပေးပြီး ပြည်သူတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ကြဖို့လည်း အကြောင်းကြားထားပါတယ်။
ဖားကန့်ဒေသမှာ ပြီးခဲ့တဲ့ ၇ လတာကာလအတွင်း တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား ဖမ်းဆီးရမိမှုဖြစ်စဉ် ၃ ခုမှာ ဥပဒေမဲ့ ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား ၈ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် နိုင်ငံခြားသား သတင်းထောက် ၂ ယောက် ရောက်ရှိလာလို့ ပြန်ပို့ခဲ့ရတဲ့ဖြစ်စဉ်လည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။
ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီတွေအနေနဲ့ ၁၉၄၇ ခုနှစ် နိုင်ငံခြားသား ဝင်ရောက်နေထိုင်မှုနဲ့ ပတ်သက်တဲ့ အက်ဥပဒေအတိုင်း လိုက်နာဆောင်ရွက်ကြဖို့ အသိပေးရှင်းလင်းထားတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူး က ပြောပါတယ်။
တရုတ်နိုင်ငံသားတွေဟာ ရွှေ၊ ပယင်း၊ ကျောက်စိမ်းထွက်ရှိတဲ့ ဖားကန့်နဲ့ တနိုင်းဒေသတွေဘက်ကို တရားမဝင် ဝင်ရောက်လုပ်ကိုင်မှုတွေရှိသလို ဝိုင်းမော်နဲ့ မြစ်ကြီးနားမြို့နယ်က တစ်ရှူးငှက်ပျောစိုက်ခင်းတွေနဲ့ တခြား စီးပွားရေးနယ်မြေတွေကိုလည်း ရောက်ရှိနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။