နေအိမ်အလုံး ၂၀ မီးရှို့ခံခဲ့ရတဲ့ ဖယ်ခုံမြို့နယ် ဆောင်နန်းခဲရွာနား နှစ်ဖက်တိုက်ပွဲဖြစ်နေ

2022.05.17
နေအိမ်အလုံး ၂၀ မီးရှို့ခံခဲ့ရတဲ့ ဖယ်ခုံမြို့နယ် ဆောင်နန်းခဲရွာနား နှစ်ဖက်တိုက်ပွဲဖြစ်နေ ရှမ်းပြည်နယ် တောင်ပိုင်း ဖယ်ခုံမြို့နယ်က မီးရှို့ခံရသည့် ဆောင်နန်းခဲရွာကို ၂၀၂၂ ခုနှစ်၊ မေလ ၁၆ ရက်နေ့က တွေ့ရစဉ်
Photo: CJ

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲဆည် အရှေ့ဘက်ခြမ်း ဆောင်နန်းခဲရွာကို မေလ ၁၆ ရက် မနေ့ကညနေပိုင်းမှာ စစ်ကောင်စီတပ်သားတွေ မီးရှို့သွားတာကြောင့် နေအိမ်အလုံး ၂၀ မီးထဲပါသွားတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အိမ်ခြေက ၃၀ ဝန်းကျင်လောက်ပဲ ရှိတာပါ။ အလုံး ၂၀ လောက်တော့ မီးလောင်သွားတာပါ”

လက်ရှိ ဆောင်နန်းခဲရွာအပြင် လွယ်ပေါအုပ်စု၊ ကရင်ရွာအုပ်စု၊ နောင်လိုင်ရွာအုပ်စုထဲက ဒေသခံတွေ အားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေကြရပြီလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကြောင်းဝင်လာပြီး မီးရှို့တာလို့ ဒေသခံတွေကပြောပေမယ့် မေလ ၁၇ ရက် ဒီနေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ ဆောင်နန်းခဲရွာကို ဝင်ရောက်မီးရှို့တာ PDF တွေလို့ စွပ်စွဲထားသလို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ရွာတွေကို စစ်တပ်က ဘယ်တော့မှ မီးမရှို့ဘူးလို့ ငြင်းဆိုထားပါတယ်။

မေလ ၁၆ ရက် မနေ့ မနက်ကနေ ဒီနေ့မနက်ပိုင်းအထိ စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေး အဖွဲ့တွေ တိုက်ပွဲဖြစ်နေတယ်လို့ ကရင်နီ အမျိုးသားကာကွယ်ရေးတပ် တပ်ရင်း (၃) ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

“သူတို့က နန်းတုတ်ကနေ စက်လှေနဲ့ ကူးလာတယ်။ တောင်ပို့တွဲကနေ မနေ့က ဆောင်နန်းခဲရွာ ရောက်လာတယ်။ သူတို့ပြောတာက ရိက္ခာလာပို့တာပေါ့။ ရိက္ခာလာပို့တာ ရွာမှာလည်း လူတွေမရှိတော့ဘူး။ အခု ဒီနေ့ ဆီးမီလော့မှာ ဒီမနက်အထိ တိုက်ပွဲဖြစ်နေသေးတယ်”

မေလ ၁၅ ရက်နေ့က ဖယ်ခုံမြို့နယ် အရှေ့ဘက်ခြမ်းမှာဖြစ်ခဲ့တဲ့ နှစ်ဖက်တိုက်ပွဲမှာတော့ စစ်ကောင်စီတပ်ဘက်က လေကြောင်းအသုံးပြုပြီး သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNO) တို့ အခြေချထိုင်ထားတဲ့ ညောင်ရွှေမြို့နယ် ထီရီးရွာ ထီရီးဂိတ်စခန်းကို KNDF နဲ့ ဖယ်ခုံ PDF တို့ သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ် ဗိုလ်မှူးအဆင့်ရှိသူ အပါအဝင် နှစ်ဦးနဲ့ PNO တပ်သား သုံးဦး အရှင်ဖမ်းမိခဲ့တာပါ။

အဲဒီနောက်ပိုင်း စစ်ကောင်စီတပ်က အနီးတစ်ဝိုက်က ရွာတွေကို ဖယ်ခုံမြို့ဘက်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ရွာတွေကို စစ်ကြောင်းထိုးပြီး နယ်မြေရှင်းလင်းတာတွေ လုပ်ဆောင်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။