ဖားကန့်မှာ ကျောက်စိမ်းမှောင်ခို ကား ၁၁ စီး ဖမ်းဆီးရမိ
2014.04.09

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု လယ်ပြင်ကျေးရွာမှာ မနေ့ညနေပိုင်းက တရားမဝင် သယ်ဆောင်လာတဲ့ ကျောက်စိမ်းကား ၁၁ စီးကို တပ်မ ၆၆ လက်အောက်ခံ ခလရ ၃၅ တပ်ရင်းက ဖမ်းဆီးလိုက်ပြီး စစ်ဆေးနေတယ်လို့ ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးက ပြောပါတယ်။
အဲ့ဒီကျောက်စိမ်းကား ၁၁ စီးကို ပိုင်ရှင်မဲ့အဖြစ် ဖမ်းဆီးလိုက်တာဖြစ်ပြီး အမှုဖွင့်အရေးယူဆောင်ရွက်ဖို့ စီစဉ်နေတယ်လို့ ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးက ဒုတိယရဲမှူးကြီး ဦးဗညားဦးက ပြောပါတယ်။
"တပ်မ ၆၆ လက်အောက်ခံ ခလရ ၃၅က ၈ ရက်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်မှာ တရားမဝင် ကျောက်စိမ်း ကား ၁၁ စီးကိုဖမ်းမိပါတယ်၊ ကျနော်တို့ အမှုဖွင့် မှာပေါ့နော်"
ဒီတရားမဝင် ကျောက်စိမ်းကား ၁၁ စီး ဖမ်းဆီးရမိကြောင်း ကို ကချင်ပြည်နယ်အစိုးရအဖွဲ့က အတည်ပြု ပြောပါတယ်။
အဲဒီ ကျောက်စိမ်းကား ၁၁ စီးပေါ်က ကျောက်စိမ်းတုံးတွေရဲ့ ကာလတန်ဖိုးပမဏကို မသိရှိရသေးကြောင်းနဲ့ မနေ့က ဖမ်းဆီးမိတာဟာ ဒီနှစ်ပိုင်းအတွင်း အများဆုံးလို့ ပြည်နယ်အစိုးရက ပြောပါတယ်။