ဖာပွန်က ယာယီစာသင်ကျောင်း ဗုံးကြဲခံရပြီး လေးဦးသေ၊ ခုနစ်ဦးဒဏ်ရာရ

RFA Burmese
2023.09.09
ဖာပွန်က ယာယီစာသင်ကျောင်း ဗုံးကြဲခံရပြီး လေးဦးသေ၊ ခုနစ်ဦးဒဏ်ရာရ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဖာပွန်မြို့နယ်က ထီးဂေါ်ထာရွာက ယာယီစာသင်ကျောင်းကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့က တွေ့ရစဉ်။
KNU-Mutraw News

ကရင်ပြည်နယ် ဖာပွန်ခရိုင် ဖာပွန်မြို့နယ်က ထီးဂေါ်ထာရွာက ယာယီစာသင်ကျောင်းကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၇ ရက်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

KNU ကတည်ထောင်ထားတဲ့ ယာယီစာသင်ကျောင်းက ကျောင်းသားသုံးဦးနဲ့ ဆရာတစ်ဦး စုစုပေါင်း လေးဦးသေဆုံးခဲ့ပြီး ကျောင်းသားခြောက်ဦးနဲ့ ဆရာမတစ်ဦး စုစုပေါင်း ခုနစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က စက်တင်ဘာလ ၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သေဆုံးသူတွေက အသက် ၅၆ နှစ်အရွယ် ကျောင်းဆရာတစ်ဦးဖြစ်တဲ့ စောဖါးဒါး၊ကျောင်းသားတွေဖြစ်တဲ့ အသက် ၁၆ နှစ်အရွယ် နော်ထီးခူဖော၊ အသက် ၁၄ နှစ်အရွယ် စောအယ်မူလားနဲ့ အသက် ၁၃ နှစ်အရွယ် စောဘိုကြီးတို့ဖြစ်ပါတယ်။

ဒီအပြင် အသက် ၁၄ နှစ်အရွယ် နော်ဖေါစေးထူး၊ အသက် ၁၁ နှစ်အရွယ် နော်ဒါးဝါး၊ အသက်ကိုးနှစ်အရွယ် စောအယ်မူလာဝါး၊ အသက် ၁၅ နှစ်အရွယ် စောအယ်နေထူး၊ အသက် ၁၆ နှစ်အရွယ် နော်မူလာကပေါ်နဲ့ အသက် ၂၄ နှစ်အရွယ်ကျောင်းဆရာမ နော်ဒါးတို့ ဒဏ်ရာရရှိခဲ့ပါတယ်။

အရပ်သားတွေဟာ ဦးခေါင်း၊ လက်မောင်းနဲ့ ဝမ်းဗိုက်တွေကို ဗုံးဆန်ထိမှန်ခဲ့တာလို့ ဒေသခံတစ်ဦးက RFAကို ပြောပါတယ်။

"ထိခိုက်ဒဏ်ရာ ရထားတဲ့ ခုနစ်ဦးမှာတော့ တစ်ဦးကတော့ နည်းနည်းပါးပါးပဲ ထိတယ်။ ကျန်ခြောက်ဦးကတော့ ဗိုက်၊ ခေါင်း၊ လက်မောင်း၊ တင်ပါးဆုံ နေရာတွေမှာ ထိတာ။ သူတို့ကိုတော့ လိုအပ်တဲ့ ဆေးကုသမှုတွေ လုပ်ပေးနေတယ်လို့ သိထားပါတယ်။ ဆုံးသွားတဲ့ လေးဦးကတော့ ဒဏ်ရာပြင်းထန်တော့ ပွဲချင်းပြီး ဆုံးသွားတာပါ"

တိုက်ပွဲဖြစ်ပွားတာမရှိဘဲ KNU တပ်မဟာ ၅ ထိန်းချုပ်ဒေသအတွင်း စစ်ကောင်စီတပ်က ကျေးရွာတွေကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ မကြာခဏ ပြုလုပ်နေတာလို့ KNU က ပြောပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ကရင်ပြည်နယ်ရဲ့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်ကို RFAက တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

RFA က ပြုစုထားတဲ့စာရင်းအရ ၂၀၂၃ ခုနှစ်ဇန်နဝါရီလကနေ သြဂုတ်လကုန်အထိ ကရင်ပြည်နယ်မှာ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂၄ ဦးသေဆုံးပြီး ခြောက်ဆယ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။