ဖားကန့်မြို့နယ်တွင်း ပစ်ခတ်မှု အစိုးရတပ်သားများ သေဆုံး
2014.01.12

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့နယ်ခွဲ နန့်ယားကျေးရွာ အောင်သုခ ဘုန်းကြီးကျောင်းမှာ အနောက်မြောက်တိုင်း စစ်ဋ္ဌာနချုပ် လက်အောက်ခံ ခလရ ၁၄၀ တပ်စွဲထားချိန် မနေ့က မနက် လင်းအား ကြီးချိန်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံ ရွာသားတွေက RFA ကို ပြောပါတယ်။
အဲဒီ ပစ်ခတ်မှုကြောင့် ဗိုလ်ကြီးအဆင့် တစ်ဦးနဲ့ တပ်သား ၅ ဦး စုစုပေါင်း ၆ ယောက် သေဆုံးခဲ့ပြီး၊ ဒဏ်ရာရတပ်သား၃ ဦးကို မြစ်ကြီးနားမြို့ တပ်မတော် စစ်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။
ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး နန့်ယားကျေးရွာသားတစ်ဦးက RFA ကို အခုလိုပြောပါတယ်။
“မနေ့မနက်ပေါ့ဗျာ၊ ၃ နာရီနဲ့ ၃၂ မိနစ်လောက်မှာပေါ့ ဒီမှာသေနတ်သံတွေ ကြားရတယ်၊ ၄၊ ၅ ချက်ကြားပြီးမှ နောက်မှ မိုင်းသံလိုလို ဘာလိုလို လက်နက်ကြီးသံတွေ ကြားရတယ်၊ ၁ဝ မိနစ်နီးပါးလောက် ခဏကြာရပ်ပြီးမှ နောက်တစ်ကြိမ် ထပ်ပစ်တယ်ခင်ဗျ၊ အဲဒီမှာ တော်တော်လေးကြာတယ် ပစ်ကြတယ်”
အဲဒီ ပစ်ခတ်မှုဟာ ကချင်လွတ်မြောက်ရေး တပ်မတော် KIA တပ်ရင်း ၆ က ဝင်ရောက်ပစ်ခတ်တာလို့ ပြောဆိုနေကြတာရှိသလို ခလရ ၁၄၀ တပ်သားအချင်းချင်း မှားယွင်းပစ်ခတ်မှုလို့လည်း ပြောနေကြပါတယ်။
မြစ်ကြီးနားမြို့အခြေစိုက် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG က ဦးဆန်းအောင်က ဒါဟာအစိုးရတပ်မတော်သားတွေ အချင်းချင်း မှားယွင်းပစ်ခတ်မှုသာ ဖြစ်တယ်လို့ RFA ကိုပြောပါတယ်။
“ကျနော်တို့ မနေ့က သေချာလူထုကိုလည်း မေးကြည့်တော့ အချင်းချင်း ပစ်ကြခတ်ကြတဲ့ သဘောတော့ရှိပါတယ်၊ ကျနော်တို့လည်း ကေအိုင်အိုကိုလည်း စုံစမ်း၊ ပြည်သူလူထုကိုလည်း စုံစမ်းပြီးပါပြီ၊ အဲဒီလမ်းကလည်း ကေအိုင်အိုဘက်က လုံးလုံးမရှိဘူးလို့ပြောတယ်၊ ကေအိုင်အို နဲ့ တော်တော်ဝေးတဲ့နေရာဖြစ်တယ်လေ၊ စခန်းထဲမှာလည်း ကေအိုင်အိုက ဝင်စရာအကြောင်း မရှိဘူး”
ဒီကိစ္စနဲ့ ပတ်သက်ပြီး ကေအိုင်အို ပြောခွင့်ရပုဂ္ဂိုလ်ထံ တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်မရခဲ့ပါဘူး။