ဖာမိုဆို အထည်ချုပ်စက်ရုံ လုပ်သား ၆၀၀ ကျော် ဆက်လက်ဆန္ဒပြ
2013.10.15

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံစက်မှုဇုန်က ဂျပန်နိုင်ငံသားပိုင် ဖာမိုဆို အထည်ချုပ်စက်ရုံမှာ အလုပ်ထုတ်ခံထားရတဲ့ အလုပ်သမားသမဂ္ဂခေါင်းဆောင် ၃ ဦးကို ပြန်ခန့်ပေးဖို့ ရာနဲ့ချီတဲ့ အလုပ်သမားတွေက ဒုတိယမြောက်နေ့အဖြစ် ဒီနေ့ ဆက်လက်ဆန္ဒပြခဲ့ကြပါတယ်။
စက်ရုံက အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေဖြစ်တဲ့ မဟေမာန်ချစ်၊ မအေးသီတာနဲ့ ကိုရဲလင်းစိုးတို့ သုံးဦးကို အလုပ်ကထုတ်လိုက်တာကြောင့် အလုပ်သမား ၆၀၀ ကျော်ဟာ စက်ရုံဝင်းထဲမှာ ဆန္ဒပြနေကြတာပါ။
ဒီနေ့နေ့လည်ပိုင်းမှာတော့ အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတွေရဲ့ ညှိနှိုင်းပေးမှုအရ ဆန္ဒပြလုပ်သားတွေနဲ့ စက်ရုံပိုင်ရှင်တွေအကြား တွေ့ဆုံဆွေးနွေး ခဲ့ပေမဲ့ ပြေလည်မှုမရခဲ့ဘူးလို့ ဆွေးနွေးရာမှာပါဝင်တဲ့ မသန္တာထွေးက RFA ကိုပြောပါတယ်။
“သူဌေးနဲ့ ဖြုတ်လိုက်တဲ့ ၃ ယောက်နဲ့ ရုံးကဆိုင်ရာဆိုင်ရာလူတွေနဲ့ စကားပြောဖြစ်တဲ့အခါ စစခြင်းသူဌေးကိုမေးလိုက်တာ ဒီအလုပ်သမား ၃ ဦးကို ဘာဖြစ်လို့ဖြုတ်သလဲ၊ အပြစ်ရှိလို့ဖြုတ်တာလားဆိုတော့ သူဌေးကဘယ်လိုပြောသလဲဆိုတော့ သူ့လုပ်ငန်းခွင်မှာ သူမလိုအပ်တော့လို့ဖြုတ်လိုက်တာ အဲဒီလိုမျိုးကြီးပြောတာ၊ ဒီအလုပ်သမား ၃ ဦးကို ပြန်ခန့်ဖို့ သူ့မှာအစီအစဉ်မရှိဘူး၊ အဲလိုဖြုတ်လိုက်တာကို ကျမတို့ကမကျေနပ်လို့၊ ဒီအလုပ်သမား ၃ ဦးကို အလုပ်လေးပြန်ခန့်ပေးပါ၊ အဲဒါဆိုရင် ကျမတို့က အကုန်လုံးပြေပြေလည်လည် အေးအေးချမ်းချမ်းနဲ့ အလုပ်လုပ်မယ်”
ဒါ့အပြင် ဆန္ဒပြအလုပ်သမားတွေအနေနဲ့ ခံဝန်ကတိထိုးပြီး ၃ ရက်အတွင်း လုပ်ငန်းခွင်ပြန်ဝင်ဖို့ စက်ရုံရှေ့မှာ စာကပ်ထားသလို အလုပ်သမားအသစ် ၆၀၀ အလိုရှိတယ်ဆိုတဲ့စာကိုလည်း ကပ်ထားတယ်လို့ ဆန္ဒပြလုပ်သားတွေက ပြောပါတယ်။
ဖာမိုဆိုစက်ရုံဟာ မင်္ဂလာဒုံစက်မှုဇုံမှာ တည်ရှိပြီး စက်မှုဇုံတာဝန်ရှိသူတွေက ဇုံအတွင်း သတင်းမီဒီယာသမားတွေကို သတင်းဝင်ရောက်ရယူခွင့် ပိတ်ပင်ထားပါတယ်။