ကျောက်စိမ်းတူးသူ ၉ ဦး သေဆုံး
2017.02.10

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု နမ့်မှော်ရွာနားက မင်္ဂလာတော်ဝင် ကျောက်စိမ်းလုပ်ကွက် အနီးမှာ မနေ့ညပိုင်းက ကျောက်တောင်ကမ်းပါးပြိုကျလို့ အဲဒီမှာ ကျောက်စိမ်းတူးဖော်နေသူတွေထဲက ၉ ဦးသေဆုံး ပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
တနိုင်တပိုင် ရေမဆေးကျောက်တူးဖော်ရေး လုပ်ကိုင်တဲ့ လောပန်း (သူဋ္ဌေး) အပါအဝင် ရေမဆေးကျောက် သမားတွေ ကမ်းပါးပြိုကျလို့ သေဆုံးခဲ့ရတာဖြစ်ကြောင်း ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင် က ဒီကနေ့ပြောပါတယ်။
သေဆုံးသူတွေ နဲ့ ဒါဏ်ရာရသူ ကို ဖားကန့်မြို့နယ် ဆေးရုံကို လူမှုကူညီရေးအဖွဲ့တွေက သယ်ယူပို့ဆောင် ထားပါတယ်။
ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ကျောက်ကြောတောင်ကမ်းပါးယံတွေ နဲ့ စွန့်ပစ်မြေစာပုံပြိုကျမှုတွေကြောင့် လူတွေမကြာခဏ ပျောက်ဆုံး၊ သေဆုံးနေရပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်အတွင်း စွန့်ပစ်မြေစာပုံပြိုကျလို့ လူအယောက် တစ်ရာကျော်သေဆုံးခဲ့ပါတယ်။
ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ တစ်နိုင်ငံလုံးက လာရောက်ရွှေ့ပြောင်းလုပ်ကိုင်နေကြသူတွေဟာ ခန့်မှန်းခြေအားဖြင့် လူဦးရေ နှစ်သိန်းဝန်းကျင်ရှိပါတယ်။