စစ်ဆေးရေးအဖွဲ့ ပြန်ပြီးနောက် ပိုင်း ကျောက်တွေ မနားတမ်းသယ်ယူ


2016.02.07
pharkant-machin-620.jpg ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ဆန်ခါကျေးရွာအနီးက မှော်ပုံတောင်ကြောမှာ ကုမ္ပဏီတွေက ဝှက်ထားတဲ့ ကျောက်တူးဖော်ရေး လုပ်ငန်းမှာအသုံးပြုတဲ့ စက်ယန္တရားများကို ဇန်နဝါရီလက တွေ့ရစဉ်
Photo: Ko Tin Hlaing

ဖားကန့် ကျောက်စိမ်းတူးဖေါ်ရေးဒေသမှာ အစိုးရစစ်ဆေးရေးအဖွဲ့က ပြီးခဲ့တဲ့လအတွင်း ကျောက်တူးကုမ္ပဏီတွေ ရဲ့ မော်တော်ယာဉ်နဲ့ စက်ယန္တယားတွေကို စစ်ဆေးပြီးပြန်သွား တဲ့ နောက်ပိုင်း ကုမ္ပဏီတွေက အင်အားအပြည့်နဲ့ စက်ယန္တယားတွေကိုအသုံးပြုပြီး ကျောက်များကို ဆက်လက်ထုတ်လုပ်နေကြတယ်လို့ ဖားကန့်ဒေသခံတွေက RFA ကိုပြောပါတယ်။

ပြီးခဲ့တဲ့လ တတိယအပတ်အတွင်း နေပြည်တော်က ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးခေါင်းဆောင်တဲ့ အဖွဲ့ဝင်တွေ ဖားကန့်ကို ရောက်ရှိလာပြီး စစ်ဆေးနေချိန် မှာ ကျောက်ကုမ္ပဏီတွေက အသုံးပြုတဲ့ ကားတွေ သုံးပုံတစ်ပုံခန့် လျော့ကျ သွားပြီး တချို့ကားတွေကို ဖွက်ထားတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။  ဖားကန့်ဒေသခံ ကိုဝင်းကိုက အခုလိုပြောပါတယ်။

"စစ်ဆေးနေတဲ့အချိန်တုန်းကတော့ ကားကအစီး ၂ဝဝ လောက်နဲ့လည်ပတ်နေတယ်၊ အခုစစ်ဆေးပြီးတော့ စစ်ဆေးရေးအဖွဲ့ဆိုတဲ့ ပြည်ထဲရေးဝန်ကြီးတို့ ဘာတို့ ပြန်သွားတဲ့ အချိန် နောက်ပိုင်းကတော့ ဖွတ်ထားတဲ့ အစီးတွေ ပြန်ထုတ်ပြီး လေး ငါးရာနဲ့ ပြန်လည်ပတ်နေကြတာပေါ့၊ အဲဗားဝင်းနားတို့ ကုမ္ပဏီကြီးတွေကျတော့ သူတို့ရဲ့ လုပ်ပိုင်ခွင့်ရှိတဲ့ အချိန်လေးကို ကျန်နေတဲ့ကာလလေး ဆက်ပြီးတော့ ယန္တယားအပြည့်အဝနဲ့ လုပ်ကြတာပေါ့၊ နိုင်ငံရေးပါတီတို့ ကျနော်တို့ အရပ်ဘက်အဖွဲ့အစည်း အသီးသီးကတော့ ဒါတွေကို မှတ်တမ်းပြုစုတာပေါ့"

အခုအခါမှာ ကျောက်ကုမ္ပဏီများအနေနဲ့ အင်အားအပြည့်နဲ့ ကျောက်စိမ်းများကို ၂၄ နာရီ မပြတ်ထုတ်လုပ်လျက်ရှိပြီး မြေစာ များကိုသယ်တဲ့ ယာဉ်မောင်းများအနေနဲ့ ထမင်းကိုတောင် ကားပေါ်ကမဆင်းပဲ စားနေကြရတယ်လို့ ကုမ္ပဏီများနဲ့ နီးစပ်သူတွေက ပြောပါတယ်။ ဒေသခံတွေအနေနဲ့က ကျောက်များကို အထိန်းအကွပ်မဲ့ ထုတ်လုပ်တာတွေကို မလိုလားကြောင်း ပြောနေပါတယ်။

ဖားကန့်ကျောက်စိမ်းတွင်းမှာ မှတ်တမ်းဓါတ်ပုံတွေ လိုက်လံရိုက်ကူးနေတဲ့ အလွတ်သတင်းထောက်တစ်ဦးဖြစ်တဲ့ ကိုဇော်မိုးထက်ကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။