ဖားကန်ကျောက်စိမ်းဒေသ ပြုပြင်ထိန်းသိမ်းဖို့ ကျပ်သိန်းပေါင်းတစ်သောင်းကျော် သုံးစွဲမည်


2018.07.10
uru-river-622.jpg ကချင်ပြည်နယ် ဖားကန့်မြို့နယ်က ဥရုချောင်းကို တွေ့ရစဉ်
Photo : Aung Myint Thu Facebook

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းနယ်မြေအတွက် ကျောက်မျက်တူးဖော်ရေးကုမ္ပဏီတွေက လူမှုတာဝန် ခံမှု CSR ရန်ပုံငွေအဖြစ် ထားရှိတဲ့အထဲက ကျန်ရှိနေတဲ့ ကျပ်သိန်းပေါင်း တစ်သောင်းတစ်ထောင်ကျော်ကို ထပ်မံ တောင်းခံဖို့ ဖားကန့်မြို့နယ်စုပေါင်းရုံးမှာ တာဝန်ရှိသူတွေက ဒီကနေ့ ဆွေးနွေးဆုံးဖြတ်လိုက်ပါတယ်။

အဲဒီ CSR ရန်ပုံငွေ ကျပ်သိန်းပေါင်းနှစ်သောင်းခြောက်ထောင် ကျော်ထဲက သိန်းပေါင်း ၁၅၀၀၀ ကို ရရှိထားပြီး အခုအခါမှာ ကျန်နေသေးတဲ့ ကျပ်သိန်းပေါင်း ၁၁၀၀၀ ကိုတောင်းခံဖို့ သဘောတူကြတာဖြစ်ကြောင်း ဖားကန့်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင် က ပြောပါတယ်။

"သိန်းပေါင်း ၁ သောင်းခွဲဖိုးလောက်တော့ ကျနော်တို့ တောင်းထားတာ သိပ်မကြာသေးဘူး။ ဒီ CSR နဲ့ကတော့ မိုးမကျခင်ကတည်းက ဥရုချောင်းဘေး မြေထိန်းနံရံလုပ်တာတို့၊ ပညာရေးနဲ့ ပတ်သက်တဲ့ ဆရာမ ဝန်ထမ်း နေအိမ်တွေ အကူအညီတောင်းတာရှိတယ်။ တချို့လည်း ရေနှုတ်မြောင်းတွေပေါ့နော်။ စုစုပေါင်း ကျပ်သိန်းပေါင်း ၁ သောင်းခွဲဖိုးလောက်ရှိပါတယ်။ ရန်ပုံငွေလည်း သိန်းပေါင်း ၁ သောင်းလောက်ကျန်သေးတာဖြစ်တဲ့အတွက် လက်ရှိမိုးကြောင့်လည်း ထိခိုက်သွားတဲ့နေရာလေးတွေ မဖြစ်မနေ လုပ်ရမယ့်နေရာလေးတွေအတွက် ထပ်ပြီးတော့ တွက်ချက်ပြီးတော့ နောက်ထပ်းသိန်းပေါင်း ၁ သောင်းကျော်ကိုတော့ ထပ်တောင်းဖို့လုပ်တာ။ ဒီကနေ့ကတော့ အတည်ပြုတာပေါ့လေ။"

အရင်က တောင်းခံရရှိထားတဲ့ သိန်းပေါင်း ၁၅၀၀၀ နဲ့ ဥရုချောင်းရှင်းလင်းရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပညားရေး၊ ကျန်းမာရေး စတဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ၁၄ ခုလောက်ကို အကောင်အထည်ဖော် ဆောင်ရွက်နေတာ ပါ။ အဲဒီထဲက တချို့လုပ်ငန်းတွေကို ဆောင်ရွက်နေတာရှိသလို၊ ပွင့်လင်းရာသီချိန်မှာ ဆောင်ရွက်ရမယ့် လုပ်ငန်းတွေလည်း ရှိတယ်လို့ သိရပါတယ်။

စာသင်ကျောင်းတွေပြုပြင်တိုးချဲ့တာ၊ ဆရာ၊ ဆရာမ  နေအိမ်အဆောင်တွေဆောက်လုပ်တာ၊ ကျေးရွာရပ်ကွက် တချို့ မိုးများလိ့ု  ပျက်စီးတဲ့နေရာမှာ ပြန်လည်ပြုပြင်ဖို့နဲ့ မြေထိန်းနံရံတွေလုပ်ဖို့ အပါအဝင်  ဥရုချောင်း ရှင်းလင်းရေး စတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွေကို  ကော်မတီဖွဲ့ပြီး ဆောင်ရွက်နေတာလို့ဆိုပါတယ်။

အဲဒီ CSR ရန်ပုံငွေကို ကချင်ပြည်နယ်အစိုးရအဖွဲ့က ထိန်းသိမ်းထားပြီး ဖားကန့်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ဆောင်ရွက်ဖို့ အဆိုပြုလာတဲ့အခါမှာ စိစစ်ပြီး ငွေထုတ်ပေးတာဖြစ်တယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်က လုံးခင်း-ဖားကန့်နဲ့ မော်လူး-မော်ဟန် ရတနာနယ်မြေ နှစ်ခုအတွက် လူမှုတာဝန်ခံမှု CSR ရန်ပုံငွေ ကျပ်သိန်းပေါင်း သုံးသောင်း ကျော်ရှိပြီး ဖားကန့် ကျောက်စိမ်းတွင်းနေယ်မြေအတွက် သိန်းပေါင်း ၂၆၀၀၀ နဲ့ မော်လူး-မောဟန် ဒေသအတွက် သိန်းပေါင်း ၇၀၀၀ ရရှိတာဖြစ်ပါတယ်။

အဲဒီငွေတွေဟာ ကျောက်မျက်ရတနာလုပ်ငန်းရှင်တွေက ကျောက်စိမ်းရောင်းရငွေထဲကနေ သတ်မှတ် အခွန်ငွေနှုတ်ပြီး ကျန်ငွေအပေါ်မှာ ၁ ရာခိုင်နှုန်းထည့်ဝင်ထားတဲ့ လူမှုတာဝန်ခံမှု CSR - Corporate social responsibility ရန်ပုံငွေဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။