တနိုင်တပိုင် ကျောက်မျက် ဥပဒေပြဌာန်းပေး ဖို့ တောင်းဆိုမည်
2016.09.17

လုံးခင်း-ဖားကန့် ရတနာနယ်မြေမှာ တနိုင်တပိုင် ကျောက်တူးဖော် လုပ်ကိုင်ခွင့်ကို ကန့်သတ်ထားတဲ့ ကျောက် မျက်ရတနာဥပဒေကို ကန့်ကွက်ကြောင်းနဲ့ တစ်နိုင်တစ်ပိုင် တူးဖော်လုပ်ကိုင်ခွင့်ရှိတဲ့ ကျောက်မျက်ဥပဒေပြ ဌာန်းပေးဖို့ တောင်းဆိုမယ့် လက်မှတ်တွေကို ဒေသခံတွေက ဒီကနေ့ စတင်ကောက်ယူနေပါတယ်။
လုံးခင်းကျေးရွာတစ်ဝိုက်က မှော်စီစာ၊ မှော်ပုံ၊ ကုဋေမှော်စတဲ့ မှော်ရွာတွေဘက်မှာ ဒီနေ့ကစပြီး စက်တင်ဘာ ၂ဝ ရက်နေ့အထိ လက်မှတ်တွေ ကောက်ယူမှာဖြစ်တယ်လို့ လုံးခင်းရွာက ရပ်မိရပ်ဖ ဦးလောင်းခန် က ပြောပါတယ်။
''ရေမဆေးသမားတွေက လက်ဝယ်ပိုင်ဆိုင်မှုမရှိဘူးဆိုတဲ့ဟာကို ပြည်သူတွေက သဘောမကျလို့ ကျနော်တို့ပြည်သူတွေတနိုင်တပိုင်လုပ်စားဖို့အတွက် ဥပဒေပြဌာန်းပေးဖို့အတွက်ကို ဦးတည်ချက်လုပ်ပြီးတော့ကောက်ပါတယ်၊ ကျနော်တို့ရေမဆေးသမားတွေဆီကနေ အဓိကထားပြီးကောက်ပါတယ်"
လုံးခင်းကျောက်စိမ်းတူးဖော်ရေးဌာနက ကျောက်မျက်ရတနာဥပဒေအရ ခွင့်ပြုချက်မရှိဘဲ ကျောက်မျက်ရတနာ တူးဖော်လုပ်ကိုင်တာရယ်၊ ကျောက်မျက်ရတနာအရိုင်းကို ရှာဖွေစမ်းသပ် တိုင်းတာတာ၊ လက်ဝယ်ထားပြီး သယ်ယူရောင်းဝယ်တာတွေပြုလုပ်ရင် အနည်းဆုံး ထောင်ဒဏ် ၁ နှစ်ကနေ ၇ နှစ်နဲ့ ငွေဒဏ်တွေချ မှတ်နိုင်ကြောင်း ဒီလဆန်းက ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။
ရေမဆေးသမားတွေနဲ့ ဒေသခံတွေက အဲ့ဒီကျောက်မျက်ဥပဒေကို ကန့်ကွက်ကြပြီး တနိုင်တပိုင် လုပ်ကိုင်နိုင်တဲ့ ကျောက်မျက်ဥပဒေ ပေါ်ပေါက်ဖို့ လက်မှတ်တွေ ကောက်ခံတာ ဖြစ်ပါတယ်။
ကောက်ခံရရှိတဲ့ လက်မှတ်တွေကို ဖားကန့်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်တွေထံ ပေးပို့မှာဖြစ်ပါတယ်။