ဖားကန့် မြေပြိုမှု အလောင်း ၁ဝဝ နီးပါး တွေ့ရှိ
2015.11.22

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာအုပ်စုထဲက တစ်သုံးလုံး ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီရဲ့ စွန့်ပစ်မြေစာပုံ ပြိုကျခဲ့ တာကြောင့် မြေစာပုံအနီး ယာယီတဲထိုးနေထိုင်ကြတဲ့ ရေမဆေး ကျောက်ရှာဖွေသူ တစ်ရာနီးပါး မြေစာပိ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ နေ့လည် ၁၂ နာရီအထိ မြေစာပိသေဆုံးသူတွေကို ရှာဖွေရာမှာ ရုပ်အလောင်း ၉၀ ကျော်ကို ရှာတွေ့ခဲ့တယ်လို့ ဖားကန့်မြို့နယ်အုပ်ချုပ်ရေးမှုးရုံး ဒုတိယ ဦးစီးမှုး ဒေါ်နီလာမြင့်က ပြောပါတယ်။
"ဒီနေ့မနက် ၇ နာရီကနေ ၁၂ နာရီထိ ၁၂ လောင်းရှင့်၊ မနေ့ကညထိက ၇၉ ဆိုတော့ ၉၁၊ ကျူးကျော်တဲတွေဆိုတော့ သူတို့ကိုအဲ့မှာမနေဖို့ အန္တရာယ် ရှိတယ် လို့လည်း ပြောထားပြီးသားဆိုတော့ အတိအကျတော့မသိနိုင်ဘူးရှင့် အဲ့မှာနေတဲ့သူတွေကလေ၊ အဲ့မှာနေလို့ရတယ်လို့လည်း မပြောထားဘူး၊ မြေစာပုံလည်းရှိတယ်ဆိုတော့၊ သူတို့ဘာသူတို့ ရေမဆေးရှာတဲ့သူတွေကစုနေကြတာရှင့်၊ တတ်နိုင်သလောက် တော့ရှာတယ်၊ ရှာဦးမှာပါ၊ ပိုင်ရှင်ရှိတာတွေက ပြန်သယ်သွားပြီးတော့ လုပ်စရာရှိတာတွေ လုပ်နေကြတယ်"
ဒီတစ်ကြိမ်မြေစာပုံပြိုကျမှုဟာ အခုနှစ်ပိုင်းအတွင်း လူသေဆုံးမှုအများဆုံး ဖြစ်စဉ်တစ်ခုဖြစ်တယ်လို့ အဲဒီနေရာကို ကိုယ်တိုင်သွားရောက်ခဲ့တဲ့ ဖားကန့်မြို့နယ် ရဲ့ NLD ပါတီ ဥက္ကဋ္ဌ ဦးတင့်စိုးက ပြောပါတယ်။
"မြေစာပုံက အောက်ခြေကနေ ရေတွက်မယ်ဆို ပေ ၁ဝဝဝ ကျော်လောက်ရှိတယ်၊ ပြိုကျလာတဲ့မြေစာပုံက အဲ့ရွာတစ်ရွာလုံး၊ လမ်းဘေးမှာရှိတဲ့မြေတွေအားလုံးကို ရိုက်ချသွားတဲ့အနေအထားမျိုးမှာရှိတယ်၊ မနက် ၇ နာရီလောက်ကနေစရှာတာ၊ အခု ညနေ ၃ နာရီလောက်ထိ ၂ဝ ကျော်လောက်ရှိတယ်၊ မနေ့က ၇၉ လောင်း၊ ဆိုတော့ ၁ဝဝပြည့်ဖို့ ၁ လောင်းလိုပေါ့၊ အမှန်တော့ ၁ဝဝ ကပြည့်သွားပါပြီ၊ ဘာလို့လဲဆိုတော့ တစ်ပိုင်းတစ်စတွေကလည်းတော်တော်များများတွေ့ရ ပါတယ်၊ ခေါင်းတခြား၊ လက်တခြား၊ ခြေတခြား၊ အဲ့လိုမျိုးတွေ၊ ဘယ်နည်းနဲ့မဆို ၁ဝဝ ကပြည့်သွားပါပြီလို့ ကျနော်တို့ သတ်မှတ်လို့ရပါပြီ"
နောက်ဆုံးရ သတင်းတွေအရ ရုပ်အလောင်း ၉၉ လောင်းတွေ့ရှိခဲ့ကြောင်း သိရပါတယ်။ အခုထိ ရှာမတွေ့သေးသူတွေအများအပြားကျန်ရှိနေသေးတဲ့ အတွက် သေဆုံးသူအရေအတွက် ပိုပြီးများ လာဖွယ်ရာရှိတယ်လို့ ဖားကန့်မြို့နယ် မီးသတ်ဌာန အရာရှိတစ်ဦးက ပြောဆိုကြောင်း ရိုက်တာသတင်း ကဖေါ်ပြပါတယ်။
ဒါ့ပြင် ခရိုနီ ခေါ် အာဏာပိုင်တွေနဲ့ နီးစပ်သူ စီးပွားရေးလုပ်ငန်းရှင်တွေပိုင် ကျောက်စိမ်းတွင်း ကုမ္ပဏီတွေဟာ ကျေးရွာတွေအနီးမှာ စွန့်ပစ်မြေစာတွေ ကို ဖြစ်သလို ပုံထားကြတာ ကာလကြာမြင့်ခဲ့ပြီလို့လည်း အဲဒီ မီးသတ် အရာရှိက ပြောဆိုကြောင်းလည်း ရိုက်တာက ဖေါ်ပြပါတယ်။
ဖားကန့်မြို့နယ်မှာ ကျောက်စိမ်းတူးဖော်တဲ့ ကုမ္ပဏီပေါင်း ၂၀၀ ကျော်ရှိပြီး အနယ်နယ် အရပ်ရပ်က ရေမဆေး ကျောက် လာရောက်ရှာဖွေသူ နှစ်သိန်းကျော် ရှိတယ်လို့ သိရပါတယ်။
မြေစာပုံဟာ စနေနေ့ မနက် ၃ နာရီခွဲဝန်းကျင်၊ ရေမဆေးကျောက်ရှာဖွေသူတွေ အိပ်ပျော်နေကြစဉ်အတွင်း ပြိုကျခဲ့တာဖြစ်ပါတယ်။ ရှာဖွေတွေ့ရှိထားတဲ့ ရုပ်အလောင်းအများစုဟာ အမျိုးသားတွေ ဖြစ်ကြောင်း သိရပါတယ်။
ဖားကန့်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့ ၊ နာရေးကူညီမှုအသင်း၊ ဒေသခံကျေးရွာသားတွေနဲ့ တစ်သုံးလုံး ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီက ဘတ်ဖိုး ၁၇ စီးတို့နဲ့ ဆက်လက်ရှာဖွေနေဆဲဖြစ်ပါတယ်။
ဗြိတိန်အခြေစိုက် Global Witness အဖွဲ့ရဲ့ မကြာခင်က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရ၊ ကချင်ပြည်နယ် ကျောက်စိမ်းတူးဖေါ်ထုတ်ယူရေးလုပ်ငန်းဟာ ပွင့်လင်းမြင်သာမှုမရှိဘဲ၊ အစိုးရအရာရှိတွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဝင်တွေ နဲ့ ခရိုနိတွေ ပါဝင်ပတ်သက်နေပြီး၊ တန်ဖိုးကြီး ကျောက်စိမ်းတွေဟာ တရုတ် ပြည်ကို မှောင်ခိုထုတ်ခံနေရကြောင်း ဖေါ်ပြထားပါတယ်။
ဖားကန့်မြို့နယ်က ကျောက်စိမ်းတွင်းလုပ်ငန်းတွေရဲ့ မြေစာပုံတွေနဲ့ နောက်ဆုံးအခြေအနေကို RFA သတင်းထောက် မဇာဏီထွဏ်းက စုစည်းတင်ပြ ထားပါတယ်။