ဖားကန့်ကျောက်စိမ်းတွင်း မြေပြိုမှု လူနှစ်ရာခန့် အသေအပျောက်ရှိနိုင်
2020.07.02
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာမှာ ဇူလိုင် ၂ ရက် ဒီနေ့မနက်က မြေစာပုံ ပြိုကျတဲ့အတွက် ရေမဆေးကျောက်တူးသမား နှစ်ရာဝန်းကျင် မြေစာပုံပိပြီး အများအပြား သေဆုံးခဲ့ပါတယ်။
ဒီနေ့မနက်ပိုင်း ၆ နာရီခွဲ ဝန်းကျင်လောက်က တစ်သုံးလုံး၊ ရတနာကြယ်၊ ကျောက်မျက်ရွှေကြည်၊ ရတနာဆန်းရွှင်၊ ဧရာရတနာ စုပေါင်းကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်ဟောင်းက မြေစာပုံပြိုကျတာ ဖြစ်ပါတယ်။
မီးသတ်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဒီနေ့ည ၇း၁၅ နာရီအချိန်အထိ သေဆုံးသူ ၁၆၂ ဦးရဲ့အလောင်းတွေကို ရှာဖွေတွေ့ရှိထားပြီလို့ သိရပါတယ်။
မြေပြိုကျတာနဲ့အတူ နွံလှိုင်းရိုက်ခတ်မှုဖြစ်ပြီး ရေမဆေးကျောက်ရှာဖွေသူတွေ နွံနစ်တာကြောင့် ကူညီကယ်ဆယ် ရေးတွေ လုပ်နေတယ်လို့လည်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
အခုချိန်မှာ မိုးတွေက အဆက်မပြတ်ရွာနေတာကြောင့် နောက်ထပ်ပြိုကျလာမှာကို စိုးရိမ်တဲ့အတွက် ရှာဖွေရေး ခဏနားပြီး ပြန်ရှာနေရတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ ဖားကန့်မြို့နယ်မီးသတ် ဒုတိယဦးစီးမှူး ဦးလဂျွန်က ပြောပါတယ်။
ရေမဆေးသမားတွေဟာ ကျောက်စိမ်းကုမ္ပဏီတွေကနေ တူးဖော်ပြီးနောက် စွန့်ပစ်ထားတဲ့မြေစာပုံတွေထဲက ပြန်ရောင်းလို့ရနိုင်တဲ့ကျောက်ကို ရှာဖွေကြသူတွေပါ။ သူတို့တွေဟာ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်က လာကြတာဖြစ်ပါတယ်။
ဒီတပတ်အတွင်းမှာ ဖားကန့်ဒေသမှာ မိုးဆက်တိုက်ရွာခဲ့တာကြောင့် မြေသားကျောက်သက်တမ်းနုတဲ့ အဲဒီနေရာက ပြိုကျတာဖြစ်တယ်လို့ ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရွှေသိန်းက ပြောပါတယ်။
အရင်က ဒီလိုမတော်တဆမှုတွေမှာ မြေစာပုံအောက်က ရုပ်အလောင်းတွေကို မြေတူးစက်နဲ့ ဖော်ကြရပြီး အခုအခါမှာတော့ နွံအိုင်ထဲကျသွားတဲ့အတွက် ပြန်ပေါ်လာတာတွေကို လိုက်ဆယ်နေကြရတာဖြစ်တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။
ပြန်ပေါ်လာတဲ့ ရုပ်အလောင်းတွေကို သက်ကယ်ရာဘာကွင်းတွေ၊ လှေတွေနဲ့ သယ်ယူနေရတယ်လို့ ကယ်ဆယ် ရေးလုပ်နေတဲ့ သင်္ခါလူမှုကူညီရေးအသင်းက ဦးစောလင်းက ပြောပါတယ်။
ကယ်ဆယ်ရေးလုပ်နေတဲ့အချိန်မှာ ရာသီဥတုမကောင်းတာ၊ လမ်းတွေကြမ်းတမ်းတာကြောင့် ကူညီကယ် ဆယ်ရေးလုပ်နေတဲ့ အဖွဲ့အစည်းတွေရဲ့ကားတွေဟာ မြေပြိုတဲ့နေရာအထိ ရောက်မလာနိုင်ကြပါဘူး။ အဲဒါကြောင့် လူတွေက ရုပ်အလောင်းတွေကို ပုခက်တွေနဲ့သယ်ပိုးပြီး စုထားရတယ်လို့ အဲဒီနေရာကို ရောက်နေတဲ့ ဖားကန့်မြို့ ဒေသခံ သတင်းသမားတစ်ဦးဖြစ်တဲ့ ဦးဇော်မိုးထက် က ပြောပါတယ်။
မိုးတွင်းကာလမှာ နွံကန်ကျိုးပေါက်တာ၊ မြေစာပုံပြိုတာတွေ ရှိနိုင်တဲ့အတွက် ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေကို ဇူလိုင် ၁ ကစပြီး သုံးလရပ်နားခိုင်းထားတဲ့ အချိန်ဖြစ်တဲ့အကြောင်း အခုလို ဝမ်းစာရေးအတွက် ရှာဖွေကြတဲ့ ရေမဆေးသမားတွေကိုလည်း တားဆီးလို့မရတဲ့အကြောင်း၊ အခု မြေပြိုတာကလည်း ကျောက်တူး ဖော်တဲ့အခါမှာသုံးတဲ့ ပေါက်ကွဲစေတဲ့ပစ္စည်းတွေကြောင့် မြေသားတွေ မခိုင်မာတော့လို့ ဖြစ်တဲ့အကြောင်း ကချင် ပြည်နယ် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်း က ပြောပါတယ်။
ဒီကျောက်စိမ်းလုပ်ကွက်တွေကလည်း ပြည်ထောင်စုက တိုက်ရိုက်ကိုင်တွယ်တာဖြစ်ပြီး ပြည်ထောင်စုကပဲ စီမံခန့်ခွဲတာဖြစ်တယ်လို့လည်း ဝန်ကြီးဦးဒါရှီလဆိုင်းက ပြောပါတယ်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်ကတော့ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်တွေကို ဥပဒေနဲ့ စီမံခန့်ခွဲနိုင်ဖို့အတွက် ကျောက်မျက်ဥပဒေကို ၂၀၁၉ ခုနှစ်မှာ ထုတ်ပြန်ထားပေမဲ့ နည်းဥပဒေမထွက်သေးတာ ကြောင့် လုပ်ကိုင်ရခက်ခဲနေတယ်လို့ ပြောပါတယ်။
နာရေးတင်တဲ့ကားတွေ၊ လူနာတင်တဲ့ကားတွေကလည်း လမ်းမကောင်းတဲ့အတွက် လူတွေက ပြန်တွန်းတင် ရတာတွေလည်းရှိကြပါတယ်။ ဒီလိုအခက်ခဲတွေကြောင့် မြေစာပုံတွေနဲ့အတူပါသွားတဲ့ လူတွေရဲ့ ရုပ်အလောင်း အကုန်လုံးကိုတော့ ရှာဖွေနိုင်မယ့်အခြေအနေမရှိဘူးလို့လည်း ပြောကြပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၃ ရက်မှာလည်း မြန်မာသူရကုမ္ပဏီက စွန့်ပစ်မြေစာပုံပြိုကျတာကြောင့် လူ နှစ်ယောက်သေပြီး ခြောက်ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
၂၀၁၉ ခုနှစ်အတွင်း ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာ မြေပြိုမှု ခုနှစ်ခုမှာ သေဆုံးသူ ၁၃၇ ယောက်ရှိတယ်လို့ ဖားကန့်မြို့ NLD ပါတီရုံးက ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။