ကချင်ရွာသားတွေ ပြောင်းရွှေ့မိန့် ဖားကန့်စစ်ဗျူဟာမှူး ပြန်ရုပ်သိမ်း
2014.10.17

ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်ရင်း ၆ အခြေစိုက်စခန်းအနီးမှာရှိတဲ့ ဒေသခံတွေအနေ နဲ့ ရွှေ့ပြောင်းစရာမလိုပဲ အေးချမ်းစွာနေထိုင်ဖို့ ဖားကန့်အခြေစိုက် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးမြင့်သန်းက ဒီကနေ့ ပြောကြားတယ်လို့ သိရပါတယ်။
ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဘာသာရေးအဖွဲ့အစည်းတွေက အောင်ဘာလေ ကျေး ရွာသားတွေထံ အကူအညီပေးဖို့ သွားရောက်စဉ် စစ်ဗျူဟာမှူးက ပြောကြားလိုက်တာဖြစ်တယ်လို့ KIA တပ်ရင်း ၆ တပ်ရင်းမှူး ဗိုလ်မှူး တန်ဆန့်က ပြော ပါတယ်။
"ဘာသာရေးအသင်းအဖွဲ့တွေနဲ့ NLD က လူကြီးတွေနဲ့ ဗျူဟာမှူးက ပြန်ပြောခိုင်းတယ်၊ သူတို့ အစည်းအဝေးလုပ်တဲ့အချိန်မှာ ကျနော်တို့လည်း သွားနားထောင်တဲ့အချိန်မှာတော့ ပြည်သူလူထုတွေ ဒီမှာအေးအေးဆေးဆေးနေကြပါပေါ့၊ ဘယ်မှ လည်း ရွှေ့ပြောင်းစရာမလိုဘူး ဆိုတဲ့အပိုင်းပဲ စကားပါးပါတယ်၊ ကျနော်တို့ စစ်တပ်တွေပိုင်းကျတော့ ဘာမှစကားပါးတာမရှိပါဘူး၊ ပြည်သူလူထုကို ဒီလိုစကားမှာတယ်ဆိုတာတော့ တည်ငြိမ်လာတယ်လို့ ကျနော်တို့ကမြင်ပါတယ်"
ကေအိုင်အေနဲ့ အစိုးရစစ်တပ်အကြား ပိတ်မိနေတဲ့ အောင်ဘာလေ၊ ကံဆီးခေါ၊ ဆိုင်းငိုင် စတဲ့ ကျေးရွာသားတွေ ကို ဘေးလွတ်ရာကူညီခေါ်ဆောင်ဖို့ မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဘာသာရေးအဖွဲ့တွေက ကားအစီး ၄၀ နဲ့ ဒီကနေ့ သွားရောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
တပ်မ ၆၆ တပ်မမှူးနဲ့ ဖားကန့်ဗျူဟာမှူးတို့က ကေအိုင်အေတပ်ရင်း ၆ တပ်စခန်းတွေကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့မှာ နောက်ဆုံးထားပြီး ပြောင်းရွှေ့ဖို့ နှုတ်မိန့်နဲ့ပြောဆိုပြီးနောက်ပိုင်း စစ်ရေးတင်းမာလာခဲ့ရာကနေ အဲဒီ ရွာသုံးရွာက စာသင်ကျောင်းတွေကို ပိတ်ထားခဲ့ရတာဖြစ်ပါတယ်။