ရေမဆေးသမား ၁ဝဝဝ ကျော်ကို ပုဒ်မ ၅ ခုနဲ့ အမှုဖွင့်
2017.06.30

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝါကျဲမှော် ငွေဆင်ကျောက်မျက်တူးဖော်ရေးကုမ္ပဏီမှာ ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့က ရဲတပ်ဖွဲ့ဝင် ၆ ဦးနဲ့ ရေမဆေးသမားတွေရဲ့ ရုန်းရင်းဆန်ခတ်ဖြစ်စဉ်မှာ ပါဝင်ခဲ့တယ်ဆိုတဲ့ ရေမဆေးသမား ၁၂၀၀ လောက်ကို လုံးခင်းရဲစခန်းမှာ ပုဒ်မ ၅ ခုနဲ့ အမှုဖွင့်ထားပါတယ်။
လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေအပေါ် တာဝန်ဝတ္တရားနှောင့်ယှက်မှုတွေ အပါအဝင် ပုဒ်မ ၅ ခုနဲ့ အမှုဖွင့်တာဖြစ်တယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့ရုံးက ဒုတိယရဲမှူးကြီး မျိုးသူရနောင် က ဒီကနေ့ပြောပါတယ်။
"တာဝန်ဝတ္တရားကို ထမ်းဆောင်နေတဲ့အချိန် ထိခိုက်ဒဏ်ရာရအောင်ဆောင်ရွက်တယ်၊ ပြီးတဲ့အခါကျတော့ မီးရှို့ပြီးတော့မှ ဖျက်ဆီးတယ်၊ နောက်တစ်ခုက တာဝန်ထမ်းဆောင်နေတဲ့ တပ်ဖွဲ့ဝင်ကို ဖမ်းဆီးခေါ်ဆောင် သွားတယ် စသဖြင့် ဒီလိုမျိုးဖြစ်မှုတွေကို ကျူးလွန်တာဖြစ်တဲ့အတွက်ကို သက်ဆိုင်ရာပုဒ်မတွေနဲ့အသီးသီး အမှုဖွင့်လှစ်ပြီးတော့မှ အရေးယူထားတာဖြစ်ပါတယ်"
ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်နေ့က လုံးခင်းနယ်မြေရဲစခန်းမှာ အမှုဖွင့်ခဲ့တာဖြစ်ပြီး ဒီကနေ့အထိတော့ ဖမ်းဆီးရမိတာ မရှိတာသေးဘူးလို့ သိရပါတယ်။
မတရားချုပ်နှောင်ဖမ်းဆီးမှု၊ အကျိုးစီးပွားတစ်ခုကို မီးအသုံးပြုဖျက်ဆီးမှု၊ တာဝန်ထမ်းဆောင်နေတဲ့ နိုင်ငံ့ဝန်ထမ်း ကို ဟန့်တားနှောင့်ယှက်ပြီး ထိခိုက်ဒဏ်ရာရအောင်ဆောင်ရွက်မှု၊ ပြစ်မှုကျူးလွန်ချိန်မှာ ညစ်ညမ်းစွာဆဲဆိုးမှု၊ ဝိုင်းဝန်းပူးပေါင်းကြံစည်မှု စတဲ့ ရာဇသတ်ကြီးပုဒ်မ ၃၆၅၊ ၄၃၆၊ ၃၃၃၊ ၂၉၄၊ ၁၁၄ တွေနဲ့ အမှုဖွင့်ထားတာပါ။
လုံးခင်းအုပ်စု ဝါကျဲမှော်က အစိုးရနဲ့ အကျိုးတူ လုပ်ကိုင်နေတဲ့ ငွေဆင်ကျောက်မျက်ကုမ္ပဏီမှာ ဇွန် ၂၅ ရက် ညနေပိုင်းက လုံခြုံရေးတာဝန်ကျနေတဲ့ ရဲတပ်ဖွဲ့ဝင် ၆ ဦးနဲ့ ခန့်မှန်း အယောက်တစ်ထောင်ကျော်လောက် ရှိတဲ့ ရေမဆေးသမားတွေ ပဋိပက္ခဖြစ်ပွားခဲ့တာပါ။
အဲဒီဖြစ်စဉ်မှာ ရဲတပ်ဖွဲ့ဝင် တစ်ဦးရဲ့ ခြိမ်းခြောက်ပစ်ခတ်မှုကြောင့် အသက်နှစ်ဆယ်ကျော်အရွယ် ရေမဆေးသမား တစ်ဦး သေဆုံးခဲ့ပါတယ်။ ရေမဆေးသမားတွေက ကုမ္ပဏီပိုင် ဘက်ဟိုးယာဉ်နဲ့ ကျောက်ဖောက်စက်တွေကို မီးရှို့ဖျက်ဆီးခဲ့သလို သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်ကိုလည်း ဖမ်းဆီးရိုက်နှက်ခဲ့လို့ အဲဒီရဲတပ်ဖွဲ့ဝင်ကို ဖားကန့်ဆေးရုံကနေတဆင့် မန္တလေးဆေးရုံမှာ ပို့ဆောင်ကုသနေတယ်လို့ သိရပါတယ်။
ရေမဆေးသမားတစ်ဦး သေဆုံးအောင် သေနတ်နဲ့ ခြိမ်းခြောက်ပစ်ခတ်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်ကိုလည်း သေမှုသေခင်းနဲ့ အမှုဖွင့်ထားပါတယ်။
ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ တစ်နိုင်ငံလုံးကနေ လာရောက်လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်း လုပ်သား နှစ်သိန်းဝန်းကျင်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ အားလုံးနီးပါးဟာ ကျောက်စိမ်းနဲ့ ဆက်နွယ်တဲ့ စီးပွားရေးတွေကို လုပ်ကိုင်ကြပြီး အဲဒီထဲက အများစုဟာ တနိုင်တပိုင်ရေမဆေးကျောက် ရှာဖွေတူးဖော် လုပ်ကိုင်ကြသူတွေဖြစ်ပါတယ်။