လုံးခင်းဒေသ ကျောက်တူး သူများ နေရပ်ပြန်ကြဖို့ အာဏာပိုင်တွေက အမိန့်ထုတ်
2014.06.10

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ထဲက ကျောက်စိမ်းမှော်လုပ်ကွက်တွေမှာ တစ်နိုင်တစ်ပိုင် ရေမဆေးကျောက် ရှာဖွေတူးဖော် လုပ်ကိုင်နေသူတွေအားလုံး နောက်ဆုံးထားပြီး နေရပ်ပြန်ကြဖို့ ဖားကန့်ဒေသ တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးကော် မတီက ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
ဖါးကန့်ကျောက်စိမ်းတွင်းတဝိုက် မြေစိုက်ပိုစတာတွေ စိုက်ထူပြီး အသိပေးထုတ်ပြန်ထားတာဖြစ်တယ်လို့ ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးတင်စိုးက ပြောပါတယ်။
"ပြီးခဲ့တဲ့ ၂ဝ၁၂၊ ၅ လပိုင်းကတည်းက သူတို့ ဒီကျောက်စိမ်းတူးဖော်ခြင်းကို ရပ်နားထားတဲ့ အကြောင်းရယ်၊ ဒီဒေသမှာ မိုးရာသီရောက်လာတဲ့ အတွက် သဘာဝဘေးအန္တရာယ်ကြောင့်ရယ်၊ နောက် ဒီကျောက်စိမ်းလုပ်ခွင့် ဧရိယာအတွင်းမှာ ဆောက်လုပ် ထားကြတဲ့ တဲတွေ နေအိမ်တွေ ဒါတွေကို ဖယ်ရှားရှင်းလင်းပေးကြဖို့ ဆိုတဲ့အကြောင်းတွေကို ဖားကန့်ဒေသ တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးကော်မတီဆိုပြီး ဒီဗွီနိုင်းတွေကို နေရာအနှံ့စိုက်ထားတာတွေ့ရတယ် "
အဲ့ဒီပိုစတာတွေကို ပြီးခဲ့တဲ့ ဇွန်လ ၈ရက်နေ့ကစပြီး လုံးခင်းကျေးရွာအုပ်စု မှော်စီစာ၊ မားဆား၊ မြယမုံ စတဲ့ကျေးရွာတွေမှာရှိတဲ့ လုပ်ကွက် ၅ ကွက်မှာ စိုက်ထူထားတာဖြစ်ပါတယ်။
ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ရခိုင်၊ ချင်း၊ စစ်ကိုင်း၊ မန္တလေး၊ ဧရာဝတီစတဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေ က ရွှေ့ပြောင်းလုပ်ကိုင်သူ သောင်းနဲ့ချီ ရှိတယ်လို့ သိရပါတယ်။