ဒေါ်အောင်ဆန်းစုကြည် အဂတိအမှုအတွက် ဦးဖြိုးမင်းသိန်းရဲ့ဇနီး သက်သေထွက်ဆို

2021.11.12
ဒေါ်အောင်ဆန်းစုကြည် အဂတိအမှုအတွက် ဦးဖြိုးမင်းသိန်းရဲ့ဇနီး သက်သေထွက်ဆို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ ဇနီး ဒေါ်ခင်မိမိကြွယ်ကို တွေ့ရစဥ်
Photo: Phyo Min Thein's Facebook

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်ကို ရွှေနဲ့ဒေါ်လာတွေ ပေးခဲ့တယ်ဆိုတဲ့ အမှုအတွက် ဦးဖြိုးမင်းသိန်းရဲ့ဇနီး ဒေါ်ခင်မိမိကြွယ် က နိုဝင်ဘာ ၁၂ ရက် ဒီကနေ့ နေပြည်တော် အထူး တရားရုံးမှာ လူကိုယ်တိုင်လာရောက်ပြီး သက်သေထွက်ဆိုခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တရားရုံးနဲ့နီးစပ်သူ တစ်ဦးက RFA ကို ပြောပါတယ်။

ဒေါ်ခင်မိမိကြွယ်ဟာ စစ်ကောင်စီဘက်က စွဲထားတဲ့အမှုအတွက် တရားလိုပြသက်သေအနေနဲ့ လာရောက် ထွက်ဆိုခဲ့တာဖြစ်ပြီး၊ ခင်ပွန်းဖြစ်သူရဲ့ တောင်းဆိုချက်အရ ရွှေချောင်းတွေနဲ့ အမေရိကန်ဒေါ်လာတွေကို ဒေါ်အောင်ဆန်းစုကြည်ထံပေးဖို့ သူစီစဉ်ပေးခဲ့ရတာလို့ သက်သေထွက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေဘက်က ဒေါ်ခင်မိမိကြွယ်ကို အပြန်အလှန် စစ်မေးရာမှာတော့ ဒေါ်အောင်ဆန်းစုကြည်ထံ ရွှေနဲ့ဒေါ်လာတွေ သွားပေးရာမှာ သူပါမသွားကြောင်းနဲ့ သွားပေးတဲ့ရက်စွဲ အတိအကျကိုလည်း မမှတ်မိကြောင်း ထွက်ဆိုသွားတယ်လို့ အဲဒီတရားရုံးနဲ့ နီးစပ်သူက ပြောပါတယ်။

ဒီအမှုအတွက် တရားလိုဖြစ်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် စစ်ဆေးရေးမှူး ဦးရဲထက်ကို စစ်မေးခဲ့တုန်းကလည်း ဦးဖြိုးမင်းသိန်းပေးခဲ့တယ်ဆိုတဲ့ ရွှေနဲ့ဒေါ်လာတွေကို ဒေါ်အောင်ဆန်းစုကြည်ထံကနေ သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းရမိခဲ့တာမရှိဘူးလို့ အောက်တိုဘာ ၈ ရက် ရုံးချိန်းတုန်းက ထွက်ဆို ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း “ရွှေနဲ့ ဒေါ်လာတွေကို ဦးဖြိုးမင်းသိန်းက သူ့ကိုပေးစရာ ဘာ အကြောင်းမှမရှိဘူး၊ ယူစရာအကြောင်းလည်းမရှိဘူး၊ ဒါတွေအားလုံးဟာ လက်တွေ့မမြင်ရတဲ့ စိတ်ကူးနဲ့ လုပ်ကြံဖန်တီးမှုတွေသာဖြစ်တယ်” လို့ ပြီးခဲ့တဲ့အောက်တိုဘာလ ရုံးချိန်းတစ်ခုမှာ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

ဒီကနေရုံးချိန်းမှာ နေပြည်တော် လရောင်တောမှာ ဒေါ်အောင်ဆန်းစုကြည်နေဖို့ အိမ်တစ်လုံးကို ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှာရှိတဲ့ အများပြည်သူရဲ့ လှူဒါန်းငွေထဲကနေ ဆောက်လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အရေးယူ ထားတဲ့ အမှုနဲ့ပတ်သက်ပြီး နေပြည်တော်စည်ပင်က အင်ဂျင်နီယာတစ်ယောက်ကို စစ်ဆေးခဲ့တယ်လို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒီကနေ့ နေပြည်တော်ရုံးချိန်းမှာ အဲဒီအမှုနှစ်ခုကိုပဲ စစ်ဆေးခဲ့ပြိး ကျန်အဂတိအမှု နှစ်ခုကို မစစ်ဆေးဖြစ် ခဲ့ပါဘူး။ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိအမှုလေးခုနဲ့ တရားစွဲထားပြီး အဲဒီလေးခုစလုံး အတွက် လာမယ့် နိုဝင်ဘာလ ၁၉ ရက် နောက်တစ်ပတ် သောကြာနေ့ကို ရုံးချိန်းပြန်ချိန်းထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရနိုင်တဲ့ အစိုးရလျှို့ဝှက်ချက်များဥပဒေ ပုဒ်မ - ၃ (၁)(ဂ)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ - ၅၅ အပါအဝင် စုစုပေါင်းအမှု ၁၁ ခုနဲ့ ဖမ်းဆီးတရားစွဲခံထားရတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။