ဦးဖြိုးကိုကိုတင့်ဆန်းကို အမှု ၃ ခုနဲ့ထပ်ပြီး အမှုဖွင့်
2017.10.19

နေပြည်တော် လေဆိပ်မှာ လက်နက်၊ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးထားတဲ့ ဦးဖြိုးကိုကိုတင့်ဆန်း ကို မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက်များ ဥပဒေပုဒ်မ ၆၁၊ (က)၊(င) အပါအဝင် ပုဒ်မသုံးခုနဲ့ ထပ်ပြီးအမှုဖွင့်လိုက်တယ်လို့ နေပြည်တော်၊ ဒက္ခိဏမြို့မ ရဲစခန်းမှူး ဒုရဲမှူးမြင့်စိုးက ပြောပါတယ်။
တပ်မတော်နဲ့ ရဲဝတ်စုံတွေကို ထင်ယောင်ထင်မှားဖြစ်မယ့် ဝတ်စုံ၊ အမှတ်တံဆိပ်တွေ လက်ဝယ်ထားရှိတာ၊ တရားမဝင် ဆက်သွယ်ရေးစက် အသုံးပြုတာနဲ့ တရားမဝင်ကုန်ပစ္စည်း တင်သွင်းတာတွေကြောင့် အခုလို အမှု (၃) ခု ထပ်တိုးပြီးဖွင့်တာ ဖြစ်တယ်လို့ ဒုရဲမှူးမြင့်စိုးက ပြောပါတယ်။
"မနေ့ကတော့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ နဲ့ ဖွင့်ထားပါတယ်၊ တရားမဝင် ၂ဝ၁၂ ခုနှစ် ပို့ကုန်သွင်းကုန်ပုဒ်မ ၈ နဲ့ ဖွင့်ထားပါတယ်၊ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များဥပဒေပုဒ်မ ၆၁၊ (က)၊(င)နဲ့ ဖွင့်ထားပါတယ်၊ သူတို့က ကားတွေမှာ NSA ဆိုတဲ့ တံဆိပ်တွေသုံးထားတာရှိတယ်၊ ခွင့်ပြုချက်မရှိပဲ တပ်မတော်လိုလို ရဲလိုလို အယောင်ဆောင် တာမျိုးပေါ့၊ ထင်ယောင်ထင်မှာဖြစ်တဲ့ တံဆိပ်တွေ အသုံးပြုတာမျိုးကို အရေးယူတာ"
လက်ရှိအချိန်မှာ ဦးဖြိုးကိုကိုတင့်ဆန်း တစ်ဦးတည်းကို ထပ်တိုးအမှုဖွင့်ထားတာဖြစ်ပြီး တခြားသူတွေကိုတော့ စစ်ဆေးပြီးမှ အမှုထပ်ဖွင့်မယ်လို့ ဒက္ခိဏမြို့မ စခန်းမှူး ဒုရဲမှူးမြင့်စိုးက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်နေ့က နေပြည်တော်လေဆိပ်မှာ လက်နက်နဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းမိခဲ့တဲ့ အတွက် ဦးဖြိုးကိုကိုတင့်ဆန်း အပါအဝင် ၃ ဦးကို မူးယစ်မှု၊ လက်နက်ဥပဒေတွေနဲ့ အမှုဖွင့် အရေးယူထားတာ ဖြစ်ပါတယ်။
အဲဒီနောက် နေပြည်တော်နဲ့ ရန်ကုန်မြို့တွေမှာရှိတဲ့ ဦးဖြိုးကိုကိုတင့်ဆန်းရဲ့ နေအိမ်၊ ရုံးခန်းနဲ့ ဟိုတယ်တွေကို ရှာဖွေရာမှာ သုံးရက်အတွင်း ပစ္စတိုနဲ့ မောင်းပြန် ရိုင်ဖယ်စတဲ့ သေနတ်စုစုပေါင်း ၂၁ လက်၊ ကျည်ဆန်ပေါင်း ၁,၀၀၀ နီးပါး ရှာဖွေတွေ့ရှိထားပြီး ဖြစ်ပါတယ်။
အမှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က ရှာဖွေစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။