မဖြူနှင်းထွေး ရုံးထုတ်လာစဉ် ဗကသအဖွဲ့ဝင်များ ဆန္ဒပြ


2014.10.13
phyu-hnin-htwe-305.jpg စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် တရားရုံးမှာ နိုဝင်ဘာလ ၁၃ ရက်နေ့က မဖြူနှင်းထွေးကို ရုံးထုတ်လာစဉ် ဗကသအဖွဲ့ဝင်များက ဆန္ဒပြကြစဉ်
Photo: Hset Paing Toe/RFA

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗကသအဖွဲ့ဝင် ၁ဝဝ ကျော်က ဖမ်းဆီးခံထားရတဲ့ ဗကသကျောင်းသူ မဖြူနှင်းထွေးကို လွှတ်ပေးဖို့ ဒီနေ့ ယင်းမာပင်ခရိုင် တရားရုံးရှေ့မှာ တောင်းဆိုခဲ့ကြ ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် တရားရုံးမှာ မဖြူနှင်းထွေးကို ရုံးထုတ်စဉ်မှာ ဆန္ဒပြတောင်းဆိုခဲ့ကြတာပါ။ တရားစွဲဆိုထားတဲ့ ပုဒ်မတွေကို ရုပ်သိမ်းပေးဖို့အတွက် ဆက်လက်တောင်း ဆိုသွားမယ်လို့ ဗကသများအဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ကိုရဲရင့်ကျော်က ပြောပါတယ်။

"ဒီအမှုဖြစ်စဉ်မှာပါဝင်တဲ့ ၇ ယောက်ကို အရေးယူတဲ့ အခါမှာ ၅ ယောက်ကို ညှိနှိုင်းပြီးတော့ တရားသေ လွှတ်ပြီးဖြစ်တယ်၊ ကြားသိသလောက်ကလည်း အမှုပိတ်သိမ်းပြီးဖြစ်တယ်၊ ဒီအချိန်မှာ ကျောင်း သားတွေဟာ အမျိုးသားပညာရေးမူကြမ်းကို ဆန့်ကျင်ဖို့ စတင်ဆောင်ရွက်နေတဲ့ အရှိန်ကိုလည်း ရပ်တန့်ဖို့ အာရုံလွှဲပြောင်းမှုတစ်ခုအဖြစ်နဲ့ သူတို့ မဖြူနှင်းထွေးကို ပြန်လည်ဖမ်းဆီးပါတယ်၊ ဒါဟာ မဖြစ်သင့်မဖြစ်ထိုက်တဲ့အရာပါ၊ နိုင်ငံရေးအရေကြည့်မယ်ဆိုရင် ဟာသကွက်ကြီးမှန်း လူတိုင်းလည်း သိတယ်၊ ကျောင်းသားတိုင်းလည်းသိတယ်၊ မတရားပုဒ်မကိုလည်း ရုပ်သိမ်းပေးခြင်းမရှိဘူး၊ အဲ့ဒါကို ထောင်ဒဏ် ဆက်လက်ချဖို့ ကြိုးစားလာလို့ရှိရင် ကျနော်တို့ဒီ့ထက် အရှိန်အဟုန်မြှင့်မယ်၊ ကျနော်တို့ ကျောင်းသားထုအားလုံး ကနေပြီးတော့ ဒီအပေါ်မှာ ဆက်လက်ပြီးတော့ တိုက်ပွဲဝင်သွားတယ်"

လွန်ခဲ့တဲ့ မေလ ၁၈ ရက်နေ့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အကောင်အထည်ဖော်နေတဲ့ ဝမ်ပေါင်ကုမ္ပဏီက တရုတ်ဝန်ထမ်း ၂ ဦးကို ဒေသခံတွေနဲ့အတူ ထိန်းသိမ်းခဲ့ရာမှာ ပါဝင်ခဲ့တယ်ဆိုပြီး မဖြူနှင်းထွေးကို ပြန်ပေးဆွဲမှု၊ တစ်ဦးတစ်ယောက်ကို အန္တရာယ်ဖြစ်စေအောင် သွေးဆောင်ဖျားယောင်းမှု စတဲ့ပုဒ်မတွေနဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။

ဆန္ဒပြ ဗကသအဖွဲ့ဝင်တွေဟာ ယင်းမာပင်မြို့နယ် ရဲစခန်းမှူးရုံးရှေ့ကနေ ခရိုင်တရားရုံးရှေ့အထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြပြီး လက်ပံတောင်းတောင်ခြေမှာရှိတဲ့ ဝမ်ပေါင်ကုမ္ပဏီရှေ့မှာလည်း သွားရောက်ဆန္ဒပြခဲ့ကြပါတယ်။

ဒီနေ့ ရုံးချိန်းမှာ တရားလိုပြသက်သေတစ်ဦးကို စစ်ဆေးခဲ့ပြီး ရုံးချိန်းကို ဗကသအဖွဲ့ဝင်တွေအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လူမှုအဖွဲ့အစည်းတွေနဲ့ တောင်သူတွေလည်း တက်ရောက်ခဲ့ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး RFA သတင်းထောက် မရတနာဦး က စုစည်းတင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။