မဖြူနှင်းထွေး လွတ်မြောက်


2014.10.15
phyu-hnin-htwe-court-305.jpg မဖြူနှင်းထွေးကို စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် တရားရုံးမှာ နိုဝင်ဘာလ ၁၃ ရက်နေ့က ရုံးထုတ်လာစဉ်
Photo: Hset Paing Toe/RFA

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အကောင် အထည်ဖော်နေတဲ့ ဝမ်ပေါင်ကုမ္ပဏီက တရုပ် ဝန်ထမ်းနှစ်ယောက်ကို ပြန်ပေးဆွဲမှုနဲ့ ဖမ်းဆီးပြီး တရားစွဲထားတဲ့ ဗကသများအဖွဲ့ချုပ်က မဖြူနှင်းထွေးကို အာဏာပိုင်တွေက ဒီနေ့ ပြန်လွှတ်ပေးလိုက်ပြီ ဖြစ် ပါတယ်။

အမှုကနေရုပ်သိမ်းကြောင်း တရုတ်ကုမ္ပဏီက တရားရုံး ကိုစာပို့တဲ့အတွက် ယင်းမာပင်တရားရုံးက ပြန်လွှတ်ပေး လိုက်တာလို့ မဖြူနှင်းထွေးက RFA ကို အခုလိုပြော ပါတယ်။

"တရားလိုဖြစ်တဲ့ လက်ပံတောင်း ကြေးနီစီမံကိန်း တာဝန်ခံ ဦးလှစိန် ကနေပြီးတော့မှ ဒီနေ့ ဒီအမှု ကို ကျေအေးတယ်ဆိုတဲ့အကြောင်းပြောပါတယ်၊ အမှုကိုတရားလိုက ပိတ်ပစ်လိုက်တယ်၊ အစက တည်းက ဦးပိုင်နဲ့ ဝမ်ပေါင်ကုမ္ပဏီက မတရားမှုတွေများပြီးတော့ ဒီဒေသခံတွေအပေါ်မှာ အကြမ်းဖက်တယ်၊ လယ်ယာမြေတွေ မတရားသိမ်းတယ်ပေါ့နော်၊ အဲဒီ့အတွက် လက်ပံတောင်းဒေသခံတွေနဲ့ ကျမ ပါဝင်ကူညီ ပြီးတော့ တရားမျှတမှုရှိရှိ လုပ်ဆောင်တာပေါ့၊ ဒီလိုအမှုစပြီးတော့ စွဲကတည်းက မတရားတဲ့ဥပဒေတွေနဲ့ သူတို့ပုဒ်မတွေတပ်ပြီးတော့ စွဲထားတာ"

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဒေသက ရွာသားတွေကို ကူညီနေတဲ့ ရန်ကုန်ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ်ကျောင်းသားများကွန်ရက်က ကိုအောင်စိုးကို ဖမ်းဆီးလိုက်တဲ့အတွက် ရွာသားတွေကလည်း ပြီးခဲ့တဲ့မေလမှာ ဝမ်ပေါင်ကုမ္ပဏီက တရုတ်နိုင်ငံသား ၂ ယောက်ကို ခေတ္တခေါ်ယူထိမ်းသိမ်းလိုက်ပါတယ်။ အဲဒီကိစ္စအတွက် ရွာသားတွေကို ပြန်ပေးဆွဲမှုနဲ့တရားစွဲခဲ့သလို ဗကသများအဖွဲ့ချုပ်ဝင် မဖြူနှင်းထွေးကိုလည်း တရားစွဲခဲ့ပါတယ်။

အဲဒီနောက် နှစ်နိုင်ငံချစ်ကြည်ရေးအတွက်ဆိုပြီး ရွာသား ၅ ယောက်ကို အမှုကနေရုတ်သိမ်းလိုက်ပေမဲ့ မဖြူနှင်းထွေးကို ဝရမ်းပြေးအဖြစ်ကြေညာခဲ့ပြီး၊ ပြီးခဲ့တဲ့စက်တင်ဘာ ၁၂ ရက်နေ့က မန္တလေးမြို့နေအိမ်မှာ သွားရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်ဝမ်ပေါင်နဲ့အကျိုးတူဖြစ်တဲ့ စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီက တရားလိုပြုလုပ်ခဲ့တာဖြစ်ပါတယ်။

မဖြူနှင်းထွေးကို ဖမ်းဆီးထားတဲ့ကာလမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ခေါင်းဆောင်တွေ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ဆန္ဒပြခဲ့ကြသလို၊ အမျိုးသမီးအဖွဲ့တွေကလည်း လက်မှတ်ရေးထိုးတောင်းဆိုခဲ့ကြပါတယ်။

မဖြူနှင်းဖွေးကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။