ဝက် နားရွက်ပြာရောဂါကြောင့် သေဆုံး ဝက်ကောင်ရေ ၆၀၀ နီးပါးရှိ

မန္တလေးမြို့မှာ မျိုးပွားအင်္ဂါနဲ့ အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါလက္ခဏာကြောင့် ဝက်ကောင်ရေ စုစုပေါင်း ၆၀၀ နီးပါးသေဆုံးခဲ့တယ်လို့ ဒေသထုတ် သတင်းတွေမှာ မတ်လ ၂၀ ရက် မနေ့က ဖော်ပြခဲ့ပါတယ်။

2011.03.21
pig_poverty_child_305_z.png ဝက်မွေးမြူထားသော အိမ်တအိမ်တွင် လူနှင့် ဝက်များ နီးနီးကပ်ကပ် အတူ နေထိုင်နေပုံ ဖြစ်ပါသည်။ (Photo: RFA / Tyler Chapman)
Photo: RFA / Tyler Chapman

ဒီရောဂါကို ပထမဦးဆုံးအကြိမ် မြန်မာနိုင်ငံမှာ တွေ့ရှိတာလည်း ဖြစ်ပြီး ဝက်နားရွက်ပြာ ရောဂါလို့လည်း အတိုကောက်ခေါ်ပါတယ်။

မန္တလေးမြို့မှာ ဝက်သားဈေး အနည်းငယ် ကျဆင်းခဲ့ပေမဲ့ ဒေသခံလူထုကတော့ ဝက်သား စားနေကြတုန်းပဲလို့ မြို့ခံတဦးက RFA ကိုပြောပါတယ်။

“ဒီမှာကတော့ အဲလို ပြီးခဲ့တဲ့နှစ် ကြက်တွေ H5N1 လိုတော့ သတိပေး ကြေညာချက်တွေ ဘာတွေ အဲလို ထုတ်ထားတာ မရှိဘူး။ ဒါပေမဲ့ စာစောင်တွေထဲမှာတော့ ဝက်အကောင်ရေ ၆၀၀ လောက်ထိ မန္တလေးမှာ ဝက်အနားပြာဆိုတာ သေတယ်ဆိုတာတော့ သူတို့ မန္တလေး သတင်းစာတွေမှာ ထည့်တယ်။ နောက်ပြီးတော့ တခြား ဆောင်ရန်ရှောင်ရန် ဘာမှ မပြောဘူး။ ဒါပေမဲ့ ဈေးထဲမှာတော့ ဝက်သားသည်တွေ သိပ်ဈေးမရောင်းရဘူး။ ဒါပေမဲ့၊ ဒီမှာလည်း အခု ကျွန်တော် အခု ရပ်နေတဲ့နားလေးမှာ ဝက်သားတုတ်ထိုးဆိုင်တွေ ဘာတွေ တွေ့ရတယ်ပေါ့ဗျာ။ စားနေတဲ့လူကတော့ စားနေကြတာပေါ့။”

လက်ရှိအခြေအနေမှာတော့ ဝက်နားရွက်ပြာ ရောဂါဟာ အခြားတိရိစ္ဆာန်တွေနဲ့ လူကို ကူးစက်တာမျိုး မတွေရဘူးလို့ ဆိုပါတယ်။ ဒီရောဂါ ဘာကြောင့် ဖြစ်လာသလဲ ဆိုတာကိုတော့ တိရိစ္ဆာန် ဆေးကုသရေး ဆိုင်ရာ ပညာရှင်တွေက စမ်းသပ်လေ့လာနေဆဲ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ RFA က မြန်မာနိုင်ငံ တိမွေးကုဌာနကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ သက်ဆိုင်ရာက ဖြေဆိုဖို့ ငြင်းဆိုခဲ့ပါတယ်။

ဒေသထုတ် သတင်းစာတွေထဲမှာတော့ တိရစ္ဆာန်တွေမှာ ဝက်နားရွက်ရောဂါကြောင့် သေဆုံးတယ်လို့ သံသယဖြစ်တာနဲ့ အကြောင်းကြားဖို့ တိမွေးကုဌာနက သတိပေး ထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။

မန္တလေးတိုင်း မြို့နယ် ငါးမြို့နယ်မှာ ရှိတဲ့ ဝက်ခြံပေါင်း ၂၀၀ လောက်က ဝက်အကောင်ရေ နှစ်ထောင် လောက်မှာ ဒီရောဂါကြောင့် ဝက်ကောင်ရေ ၆၀၀ နီးပါး သေဆုံးခဲ့ကြောင်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။