ဝက်နားရွက်ပြာရောဂါ ကူးစက်မှု ကျယ်ပြန့်လာ

ပဲခူးတိုင်း အနောက်ခြမ်း ပေါင်းတည်၊ နတ္တလင်းနဲ့ ရန်ကုန်ဆင်ခြေဖုံး ရပ်ကွက်တချို့မှာ ဝက်နားရွက်ပြာလို့ ယူဆရတဲ့ ကူးစက်ရောဂါကြောင့် ဒီရက်ပိုင်းအတွင်း ဝက်ကောင်ရေ အတော်များများ သေဆုံးနေတယ်လို့ သတင်းရရှိပါတယ်။

2011.05.25
pig_poverty_child_305_z.png ဝက်မွေးမြူထားသော အိမ်တအိမ်တွင် လူနှင့် ဝက်များ နီးနီးကပ်ကပ် အတူ နေထိုင်နေပုံ ဖြစ်ပါသည်။ (Photo: RFA / Tyler Chapman)
Photo: RFA / Tyler Chapman

နတ္တလင်းနဲ့ပေါင်းတည် နှစ်မြို့နယ်မှာ ဝက်ကောင်ရေ ရာကျော် သေဆုံးနေပြီလို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ နတ္တလင်းဒေသခံတယောက်က အခုလိုပြောပါတယ်။

“သူတို့က ပြောတာတော့  ဝက်နားရွက်ပြာရောဂါ လို့တော့ ပြောတယ်ပေါ့။ လူတွေကလည်း အခု ဘယ်သူမှ မစားရဲတော့ဘူးပေါ့။ မစားရဲပဲနဲ့ အခု ဝက်တွေကို မြေမြှုပ်နေရတယ်။ ကျွန်တော်တို့ဆီမှာ အခု ၄၊ ၅ ရက်လောက် ဖြစ်နေပြီ။ ရွာတွေမှာအစ အကုန် ဖြစ်နေတာ။ သေတာတော့ များပြီ။ ရာနဲ့ချီကို သေနေတာ။ ကျွန်တော်တို့ တမြို့တည်းတင် တချို့ဆို ၄၊ ၅ ကောင်ရှိတဲ့လူက ၄၊ ၅ ကောင် သေသွားပြီ။ ရွာတွေမှာလည်း အဲဒီအတိုင်းပဲ ဖြစ်နေတယ်။ အရှေ့ခြမ်းရော၊ အနောက်ခြမ်းရောပေါ့၊ နတ္တလင်း။”

ရန်ကုန်မြို့ လှိုင်သာယာ၊ မြောက်ဥက္ကလာ မြို့နယ်ဖက်တွေမှာလည်း ဒီလိုရောဂါကြောင့် ဝက်တချို့ သေဆုံးနေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။ ရောဂါကြောင့် သေတဲ့ ဝက်သားကို လျှော့ဈေးနဲ့ ရောင်းရာမှာ ဝယ်ယူ စားသုံးသူတွေ ရှိတယ်လို့ ရန်ကုန်မြို့ခံ တဦးက ပြောပါတယ်။

“လှိုင်သာယာဖက်မှာလည်း သေတယ်။ ဝက်မွေးတဲ့ နေရာတွေမှာ တော်တော် သေတာ။ သေတော့တဲ့ တချို့နေရာတွေမှာတဲ့ အစတုန်းက တပိဿာကို ၆,၀၀၀ ရှိတယ်လေ။ ၆,၀၀၀ ရှိတဲ့ဟာကို တပိဿာ ၂,၀၀၀ နဲ့ လိုက်ရောင်းတယ်တဲ့။ အဲဒီ သေတဲ့ ဝက်တွေကို။ တချို့ကလည်း နားမလည်တော့ ဈေးပေါလို့ ဆိုပြီး ဝယ်စားကြတယ်တဲ့။ အစိုးရအနေနဲ့ကတော့ ဒီဝက်တွေကို စားရင် ဘာဖြစ်မယ်၊ ဘာဖြစ်မယ် ဘယ်လို ဘာညာဆိုတာ ခုထက်ထိ ညွှန်ကြားချက် မရှိဘူး။”

ဒီကနေ့မှာတော့ မြောက်ဥက္ကလာနဲ့ တခြား ဆင်ခြေဖုံး ရပ်ကွက် တချို့က ဝက်သားဆိုင်တွေကို အာဏာပိုင်တွေက ပိတ်လိုက်တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

လွန်ခဲ့တဲ့ သီတင်းပတ်တွေကစပြီး ပျဉ်းမနား နေပြည်တော်ဖက်မှာ ဝက်နားရွက်ပြာရောဂါ စတင် ဖြစ်ပွားနေပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး မကြာခင်မှာ တခြားနေရာတွေကို ကူးစက်ပျံ့နှံ့ခဲ့တဲ့ သတင်းတွေ ဆက်တိုက် ပေါ်ပေါက်ခဲ့ပါတယ်။

အခုရက်ပိုင်းအတွင်း နတ္တလင်းနဲ့ ပေါင်းတည်မြို့နယ်တွေမှာ ဝက်နားရွက်ပြာရောဂါ အဖြစ်များနေပေမဲ့ သက်ဆိုင်ရာက တာဝန်ယူ ကူညီဆောင်ရွက် မပေးသေးဘူးလို့ သိရပါတယ်။

အခုရက်ပိုင်း ပဲခူးတိုင်းအနောက်ခြမ်းနဲ့ ရန်ကုန်က မြို့နယ်တချို့မှာ ဝက်နားရွက်ပြာရောဂါ နဲ့ ဝက်တွေ သေဆုံးနေတဲ့အကြောင်း RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က တင်ပြထားပါတယ်။

ဝက်နားရွက်ပြာရောဂါ
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။