ပီတိအိမ်စာပေကို စစ်ကောင်စီက ထုတ်ဝေခွင့် ပိတ်သိမ်း
2023.09.10
စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ဒေါက်တာဖြိုးသီဟရဲ့ ပီတိအိမ်စာပေကို ထုတ်ဝေခွင့်လိုင်စင် ပြန်လည် ရုပ်သိမ်းလိုက်တယ်လို့ စစ်ကောင်စီရဲ့ စက်တင်ဘာလ ၉ ရက်နေ့ထုတ် သတင်းစာတွေမှာ ဖော်ပြပါတယ်။
ဒေါက်တာဖြိုးသီဟရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူ အေးချမ်းသာယာရေးနဲ့ နိုင်ငံသားတိုင်း တန်းတူမှု၊ လွတ်လပ်မှု၊ တရားမျှတမှု၊ အခွင့်အရေးတွေကို ထိခိုက်စေတဲ့ အကြောင်းအရာတွေ ရေးသားခဲ့တာကြောင့်အခုလို ထုတ်ဝေခွင့် ပိတ်သိမ်းတာလို့ စစ်ကောင်စီသတင်းစာက ဆိုပါတယ်။
ဒါကြောင့် စက်တင်ဘာလ ၈ရက်နေ့ကစပြီး ထုတ်ဝေခွင့်ပြန်လည် ရုပ်သိမ်းတယ်လို့ ဆိုပါတယ်။
ဒေါက်တာဖြိုးသီဟကတော့ သူ့အနေနဲ့ ပီတိအိမ်စာပေကနေ ထုတ်ဝေတဲ့ စာအုပ်ရောင်းရငွေတွေနဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးခဲ့တာလို့ ပြောပါတယ်။
"အခု ထုတ်ဝေခွင့်လိုင်စင် ပိတ်လိုက်တယ်ဆိုတာက ဒီစာအုပ်တိုက်နာမည်နဲ့ ဘာမှ ထပ်ထုတ်လို့ မရတော့တဲ့ အဓိပ္ပာယ်ပါ။ ကျွန်တော့်လုပ်ငန်း ဖြစ်နေလို့ ပိတ်လိုက်တဲ့ သဘောပါပဲ။ ပွင့်ပွင့်လင်းလင်း ပြောရရင် အရင်ထုတ်ထားလက်စ အဟောင်းတွေကိုပဲ သိုသိုသိပ်သိပ်နဲ့ ရောင်းနေတာပါ။ အဲဒီဝင်ငွေလေးနဲ့ ကျွန်တော် ဒီမှာရပ်တည်တယ်။ စစ်ဘေးရှောင်တွေကို လှူတယ်ပေါ့ဗျာ။"
ပီတိအိမ်စာပေဟာ နိုင်ငံရေးနဲ့ ပတ်သက်မှုမရှိတဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ဗုဒ္ဓတရားတော်တွေ အကြောင်းကိုသာ အများဆုံး ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့လည်း စစ်ကောင်စီက အာဏာသိမ်းမှု ဆန့်ကျင်ရေးမှာ ပါဝင်တဲ့ ဒေါက်တာဖြိုးသီဟက ထုတ်ဝေရေးလုပ်ကိုင် နေတာကို သတိထားမိသွားတာကြောင့် ပိတ်သိမ်းလိုက်တာပါ။
စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနဟာ စာပေအသိုင်းအဝိုင်း တစ်ခုလုံးကို ခြိမ်းခြောက်နေတယ်လို့ စာအုပ်ဖြန့်ချိရေး ကိုယ်စားလှယ်တစ်ဦးက ဝေဖန်ပါတယ်။
"ဆိုလိုတာကတော့ မင်းတို့ထုတ်တဲ့ စာအုပ်တွေရော၊ မင့်တို့ social platform တွေမှာရော စောင့်ကြည့်နေတယ်။ မှားရင် ပိတ်မယ်ဆိုတဲ့ သဘောမျိုးပဲ။ ထုတ်ဝေရေးလောကကို သတိပေးခြိမ်းခြောက်တာပဲပေါ့"
အာဏာသိမ်းပြီးနောက်မှာ စစ်ကောင်စီက စာပေတိုက် ငါးခုထက်မနည်းကို စာအုပ်ထုတ်ဝေရေး လိုင်စင်ပိတ်သိမ်းခဲ့ပါတယ်။