ဗိုလ်ချုပ်ကြေးရုပ် ထားရှိမှု ကရင်နီလူငယ်တွေ ဆက်ကန့်ကွက်မည်
2019.02.09

ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်ကြေးရုပ် ထားရှိတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကရင်နီပြည် လူငယ်အင်အားစုတွေက လာမယ့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ လွှတ်တော်ဟစ်တိုင်ကနေ ဆက်လက်ကန့်ကွက်သွားမယ်လို့ သိရပါတယ်။
ကယားပြည်နယ် လွှတ်တော်ဝန်းအတွင်းမှာရှိတဲ့ လွှတ်တော်ဟစ်တိုင်ကို အသုံးပြုခွင့်ပေးဖို့ လူငယ်တွေက ကယားပြည်နယ် လွှတ်တော်ဥက္ကဋ္ဌကို ဒီနေ့ သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ရာမှာ လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေး က ခွင့်ပြုခဲ့တဲ့အတွက် လွှတ်တော်ဟစ်တိုင်ကနေ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စအပေါ် ဆက်လက်ကန့်ကွက်သွားမှာဖြစ်တယ်လို့ ကရင်နီပြည်နယ် လူငယ်အင်အားစုက ကိုဒီးဒီး က RFA ကို ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ကယားပြည်နယ် လွှတ်တော် ဥက္ကဋ္ဌကို RFAက ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
ဗိုလ်ချုပ် ကြေးရုပ်တု ရွှေ့ပြောင်းပေးဖို့၊ လူငယ်တွေအပေါ် တရားစွဲဆိုထားတာတွေကို ရုပ်သိမ်းပေးဖို့၊ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူတာနဲ့ပတ်သက်လို့ ပြည်သူလူထုဆန္ဒ ခံယူဖို့ စတဲ့ အချက်တွေကို လွှတ်တော်ဟစ်တိုင်ကနေ တောင်းဆိုသွားမယ်လို့ သိရပါတယ်။
ကယားပြည်နယ်မှာ ဗိုလ်ချုပ်ကြေးရုပ် ထားရှိဖို့ ပြင်ဆင်နေချိန်ကနေ စလို့ အခု ထားရှိပြီးတဲ့ အချိန်အထိ ကန့်ကွက်နေတဲ့ ဒေသခံ ကရင်နီပြည် လူငယ်အင်အားစုက လူငယ် ၅၅ ယောက်ကို ရဲတပ်ဖွဲ့က ငြိမ်းစုစီဥပဒေပုဒ်မ (၁၉ )၊ (၂၀)၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ)၊ (ဂ)တို့နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မသက်စုအောင် ပေးပို့တာပါ။