နိုင်ငံရေးအကျဉ်းသားတွေလွတ်ဖို့ အစီအစဉ်ရှိကြောင်း ဦးသိန်းစိန် အကြံပေးပုဂ္ဂိုလ်ပြော

မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ အစီအစဉ် ရှိပေမယ့် တည်တည်ငြိမ်ငြိမ် ဖြစ်လာမယ့် အခြေအနေတွေကို စောင့်ဆိုင်းနေတယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောကြားကြောင်း သူ့ရဲ့ နိုင်ငံရေးအကြံပေး ပုဂ္ဂိုလ် ဒေါက်တာ နေဇင်လတ် က RFA ကို မနေ့က ပြောကြားပါတယ်။

2011.05.12
prisoners_release_insein_305_Z အကျဉ်းသားမိသားစုဝင်များ အင်းစိန်ထောင်ဗူးဝ၌ စောင့်ဆိုင်းနေကြစဉ် ယခင် မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AAPP)
Photo: AAPP

"အဲဒါက သမ္မတကြီး ကိုယ်တိုင် ပြောတယ်။ အစီအစဉ် ရှိပါတယ်တဲ့။ သို့သော်လည်း Stability တော့ သူ နဲနဲ တော့ ထိမ်းမှာပေါ့ဗျာ။ Political will က သူက ပြောပြီးပြီလေ။"

ဒါပေမယ့် ပြည်တွင်း အခြေအနေလား၊ နိုင်ငံတကာမှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေလား ဆိုတာကိုတော့ ဒေါက်တာ နေဇင်လတ်က အသေးစိတ် မပြောဆိုပါဘူး၊ အရှေ့ အလယ်ပိုင်း အာရပ် နိုင်ငံတွေနဲ့ အာဖရိကတိုက် နိုင်ငံတွေမှာ ပေါ်ပေါက်နေတဲ့ အာဏာရှင် အစိုးရ ဆန့်ကျင်ရေး လူထု ဆန္ဒပြပွဲတွေကို ဦးသိန်းစိန်ရဲ့ မြန်မာ အစိုးရကလည်း အလေးထား စောင့်ကြည့်ပြီး နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးမယ့် ကိစ္စကို ချင့်ချိန် နေတယ်လို့ မြန်မာ့အရေး လေ့လာသူ တချို့က ပြောပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ မကြာသေးခင်က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ မြို့တော်မှာ ကျင်းပတဲ့ အာဆီယံ ထိပ်သီး ညီလာခံကို တက်ရောက်ခဲ့ပြီး၊ ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံကို အာဆီယံ ဥက္ကဌ တာဝန် ပေးအပ်ရေး အတွက် ကြိုးပမ်းခဲ့ပေမယ့် တိကျတဲ့ အဖြေမရရှိခဲ့ပါဘူး။

သမ္မတ ဦးသိန်းစိန်နဲ့ အတူ အာဆီယံ ထိပ်သီး ညီလာခံ ခရီးစဉ်ကို လိုက်ပါသွားခဲ့တဲ့ သမ္မတ နိုင်ငံရေး အကြံပေး ပုဂ္ဂိုလ် ဒေါက်တာ နေဇင်လတ်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။