အမတ်တွေ လစာ ၁ဝ သိန်းရတော့မယ်
2014.11.19
လွှတ်တော်ကိုယ်စားလှယ်တွေအတွက် လစာထောက်ပံ့ငွေကို ကျပ်ငွေ ၃ သိန်းပေးထားရာကနေ ၁၀ သိန်းထိ တိုးမြှင့်ပေးတော့မယ်လို့ သိရပါတယ်။ ဒါ့အပြင် လွှတ်တော် တက်နေစဉ် ကာလအတွင်း တစ်နေ့ အတွက်၂ သောင်းပေးမယ်လို့ သိရပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေအတွက် ချီးမြှင့်ငွေ အဆောင်အယောင် ဆိုင်ရာဥပဒေပြင်ဆင်ချက်ကို မနေ့က ကျင်းပတဲ့ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ အတည်ပြုလိုက်တာလို့ လွှတ်တော်ကိုယ်စားလှယ်ဒေါ်ဖြူဖြူသင်းက RFA ကို ပြောပါတယ်။
"အခု ၁၀ သိန်းလို့တော့ သတ်မှတ်ထားတယ်၊ လောလောဆယ်တော့ တိတိကျကျ ဘယ်လောက်ဆိုတာတော့ မထုတ်ပြန်သေးဘူး၊ ကျွန်မတို့ လွှတ်တော်အစည်းအဝေးထဲမှာ တော်တော်များများ တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်တွေက သူတို့လုံးဝမလောက်ဘူး၊ သူတို့ သွားရတာ၊ လာရတာ ခရီးစရိတ်တွေနဲ့ အဆင်မပြေတော့ သူတို့မြို့ရွာတွေကို မပြန်နိုင်ဘူး ပြန်တဲ့ အခါကျရင်လည်း တစ်ခေါက်သွားရင် ၁၀ သိန်း၊ ၁၅ သိန်း လောက် ကုန်တယ် ၊အဲ့တော့ မြို့နယ်တွေကို ပြန်မဆင်းနိုင်ကြတော့ဘူး ပြည်သူတွေနဲ့ ဝေးကွာမှုရှိလာတယ်၊ ဒါ့ကြောင့်မို့လို့ သူတို့ကို လစာတိုးဖို့ ဆိုပြီးပြောတာ အဲ့ဒီက စပြီးတော့ မနေ့က အတည်ပြုလိုက်တာပါ"
ပြည်နယ် နဲ့ တိုင်းတွေက လွှတ်တော်ကိုယ်စားလှယ်တွေကိုတော့ ကျပ်ငွေ ၅ သိန်းကနေ ၁၀သိန်း အထိ တိုးမြှင့်ပေးမှာဖြစ်ပြီး၊ တစ်နေ့အတွက်စရိတ်ကတော့ ၂သောင်းဖြစ်တယ် လို့သိရပါတယ်။ လွှတ်တော်ကိုယ်စား လှယ်တွေကို လက်ရှိမှာ ကျပ်ငွေ ၃ သိန်းခံစားခွင့်ပေးထားပြီး၊လွှတ်တော်ဥက္ကဌ လစာကတော့ ကျပ်ငွေ ၃၅ သိန်းဖြစ်ပါတယ်။