ဘူးသီးတောင် လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်ကို ဖမ်းဝရမ်းထုတ်
2016.01.27

လက်ရှိ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင် ကို ငွေကြေးလိမ်လည်မှုနဲ့ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် ရဲစခန်းက ဖမ်းဝရမ်းထုတ် လိုက်ပါတယ်။
ရှိုင်းဆောက်လုပ်ရေးကုမ္ပဏီ အထွေထွေမန်နေဂျာ ဦးစိုးနိုင်က ပုဒ်မ ၄၂၀ လိမ်လည်မှုနဲ့ အမှုဖွင့်တိုင်ကြားတာဖြစ်ပြီး ဦးရွှေမောင်က ရှောင်တိမ်းနေတဲ့အတွက် ဝရမ်းထုတ်လိုက် တာ ဖြစ်တယ်လို့ အဲဒီအမှုကို ကုမ္ပဏီဖက်က ဆောင် ရွက်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဒေါ်တင်တင်မြ က ပြောပါတယ်။
"ပုဒ်မ ၄၂၀နဲ့ စွဲထားတယ်၊ ငွေကြေးက စာချုပ် ၂ ခုနဲ့၊ ၃ဝဝ ကျော်တယ်နဲ့ တူတယ်၊ အမှုတွေများလို့ သိပ်မပြောတတ်ဘူး၊ နှစ်ခါခွဲတာလေ၊ ၂ဝဝ ရယ်၊ ၁ဝဝ ကျော်လား မသိဘူး၊ အမှုကစွဲထားပြီးပြီ၊ သူ့ကိုရှာမတွေ့လို့ ဖမ်းဝရမ်းတောင်ထုတ်ပြီးပြီ"
လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်က ငွေကျပ် သိန်း ၂၀၀ ၊ ၂၀၁၃ ခုနှစ်က ငွေကျပ် သိန်း ၁၅၀ စုစုပေါင်း ကျပ်သိန်း ၃၅၀ကို ရှိုင်းဆောက်လုပ်ရေးကုမ္ပဏီ ဥက္ကဌ ဦးအောင်ဇော်ဝင်း ထံကနေ ဦးရွှေမောင် က ချေးယူသွားတာဖြစ်ပြီး ပြန် လည်ပေးဆပ်ခြင်းမရှိသေးတဲ့ အတွက် အမှုဖွင့်ထားတာဖြစ်တယ်လို့ သိရပါတယ်။
အာအက်ဖ်အေ က ဦးရွှေမောင်ကို ဆက်သွယ်ဖို့ကြိုးစားခဲ့ပေမယ့် ခေါ်ဆိုလို့ မရခဲ့ပါဘူး။
ဦးရွှေမောင်ဟာ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ကနေ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ရွေးချယ်ခံခဲ့ရ တာဖြစ်ပြီး ရှိုင်းဆောက်လုပ်ရေးကုမ္ပဏီ ဥက္ကဌ ဦးအောင်ဇော်ဝင်း ဟာ မောင်တောမြို့နယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံထားရတာဖြစ်ပါတယ်။