ဆီဆိုင်ဒေသခံ ၆၀ နီးပါးကို စစ်ကောင်စီဖမ်းထားကြောင်း PNLA ပြော
2024.06.12

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ထီဗွာ (ရေဖြူ) ကျေးရွာက ဒေသခံ ၅၉ ဦးကို စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် (PNO) တပ်ဖွဲ့တွေက ဖမ်းဆီးထားတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ဇွန်လ ၁၂ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
တောထဲမှာ စစ်ဘေးရှောင်နေတဲ့ ဒေသခံတွေကို ပြန်မလာရင် နေအိမ်တွေ မီးရှို့မယ်လို့ အကျပ်ကိုင်ခဲ့ပြီး ပြန်လာတဲ့ဒေသခံတွေကို စစ်ကောင်စီတပ်နဲ့ PNO တပ်ဖွဲ့တွေက ဇွန်လ ၁၀ ရက်နေ့မှာ ဖမ်းဆီးခဲ့တာလို့ PNLA က ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ ဒေသခံတွေထဲက ထက်ဝက်ကျော်ဟာ အမျိုးသမီးတွေဖြစ်ပြီး အများစုက အသက် ၄၀ နဲ့အထက် ဒေသခံတွေလို့ ဆိုပါတယ်။
သူတို့တွေကို ကျေးရွာခန်းမမှာ ဖမ်းဆီးထားပြီး လက်ရှိအချိန်အထိ ပြန်လွှတ်မပေးသေးဘူးလို့ PNLA က ထုတ်ပြန်ထားပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
ဆီဆိုင်၊ ပင်လောင်း၊ ဟိုပုံးနဲ့ ညောင်ရွှေမြို့နယ်တွေမှာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့ကစပြီး စစ်ကောင်စီတပ်၊ PNO ပူးပေါင်းအဖွဲ့တွေနဲ့ PNLA တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်နေတာ လေးလကျော်ရှိပြီဖြစ်ပါတယ်။
တိုက်ပွဲအတွင်း ဖမ်းဆီးသတ်ဖြတ်ခံရသူတွေအပါအဝင် အရပ်သား ၇၅ ဦး သေဆုံးခဲ့ပြီး ၉၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံးက မေလ ၂၈ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။