အာဆီယံသံတမန် ယာဉ်တန်းကို တိုက်ခိုက်ခဲ့ခြင်းမရှိကြောင်း PNLO ပြော
အာဆီယံ လူသားချင်းစာနာမှု ကူညီပေးရေးဆိုင်ရာ ညှိနှိုင်းရေးစင်တာ (AHA Center) ရဲ့ ယာဉ်တန်းကို ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO က တိုက်ခိုက်ခဲ့တာ မဟုတ်ဘူးလို့ PNLO ခေါင်းဆောင် ဦးခွန်ဥက္ကာက RFA ကို ဒီကနေ့ ညနေပိုင်းမှာ ပြောပါတယ်။
အာဆီယံကိုယ်စားလှယ်တွေရဲ့ ခရီးစဉ်ကို PNLO ကပဲ စီစဉ်ခဲ့တာဖြစ်ပြီး PNLO အရာရှိတချို့လည်း ယာဉ်တန်းမှာလိုက်ပါလာတယ်လို့ ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို PDF အဖွဲ့တွေက လုပ်ခဲ့တာ မဖြစ်နိုင်ဘဲ၊ အဲဒီဒေသမှာ စစ်ရေးလှုပ်ရှားနေတဲ့ ပအိုဝ်း ဌာနေပြည်သူ့စစ်နဲ့ စစ်ကောင်စီရဲ့လက်ချက်သာ ဖြစ်နိုင်တယ်လို့ ဦးခွန်ဥက္ကာက ပြောပါတယ်။
ဒေသတွင်းမှာ PNLO အင်အားကြီးလာတာကို နာမည်ဖျက်ချင်တဲ့အတွက် PNLO က တိုက်ခိုက်တယ်ဆိုပြီး သတင်းမှား ဖြန့်နေကြတာလို့ သူက သုံးသပ်ပါတယ်။ အာဆီယံအရာရှိတွေကို တကယ့်မြေပြင်က ဒုက္ခသည်တွေနဲ့ ပေးမတွေ့ချင်တဲ့အတွက် ခြောက်လှန့်ပစ်ခတ်တာ ဖြစ်နိုင်တယ်လို့လည်း ပြောပါတယ်။
ယာဉ်တန်းတိုက်ခိုက်ခံရတဲ့အတွက် သံတမန်တွေ ဒုက္ခသည်တွေဆီ အရောက်မသွားနိုင်ခဲ့ပေမဲ့ PNLO က ဦးဆောင်စီစဉ်ထားတဲ့အတိုင်း အကူအညီပေးရေး ပစ္စည်းတွေကို ဖြန့်ဝေပေးခဲ့တယ်လို့ ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ ဒီယာဉ်တန်းတွေကို အကြမ်းဖက်သမားတွေက တိုက်ခိုက်ခဲ့တာလို့ ဒီကနေ့ ညနေပိုင်း သတင်းမှာ ကြေညာသွားပါတယ်။ ဘယ်အဖွဲ့အစည်းဆိုတာကိုတော့ ဖော်ပြတာ မရှိပါဘူး။
PNLO အဖွဲ့ခေါင်းဆောင်နဲ့ မေးမြန်းချက် အပြည့်အစုံကို RFA က ဆက်လက်ထုတ်လွှင့်ပေးဖို့ ရှိပါတယ်။