ရွာ ၃ ရွာကို အဓမ္မပြောင်းခိုင်းတဲ့သတင်းကို PNLO ငြင်းဆို
2018.12.04
ရှမ်းပြည်နယ် လင်းခေးခရိုင် မိုင်းပန်မြို့နယ် နားမွန်းကျေးရွာအုပ်စုထဲက ရွာ ၃ ရွာကို ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO/PNLA က အတင်းအဓမ္မရွှေ့ပြောင်းခိုင်းတယ်ဆိုတဲ့ သတင်းဖော်ပြချက်ဟာ မှားယွင်းကြောင်း PNLO က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
PNLO ဟာ ဒေသခံတွေကို လုံခြုံရေးအရအဓမ္မ ရွှေ့ပြောင်းခိုင်းတဲ့ မူဝါဒချမှတ်ထားတာမရှိသလို ရှမ်းပြည်နယ် အတွင်းနဲ့ ပြည်ထောင်စုထဲမှာရှိကြတဲ့ တိုင်းရင်းသားလူမျိုးအချင်းချင်း ညီညွတ်ရေးကို ပူးပေါင်းဆောင်ရွက်လိုတဲ့ ဆန္ဒရှိတယ်လို့ PNLO သတင်းပြန်ကြားရေးဌာန ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ခွန်နေထူးက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့က ပန်မီ၊ ဝမ်မုတ်နဲ့ ပေါက်ကျောင်းရွာတို့ကို တပ်မတော်ခြေလျင်တပ်ရင်း ၂၉၆ နဲ့ PNLO တို့က ပြောင်းရွှေ့ခိုင်းတယ်လို့ ရှမ်းတိုင်းရင်းသားသတင်းဌာန Tai Freedom က ဒီဇင်ဘာလ ၁ ရက်နေ့က သတင်းဖော်ပြထားတာဖြစ်ပါတယ်။
ရှမ်းပြည်နယ်အတွင်း လူမျိုးတမျိုးနဲ့ တမျိုးအကြား ပဋိပက္ခဖြစ်မယ့်လုပ်ရပ်တွေကို အမြဲရှောင်ကြဉ်ကြောင်း၊ ရှမ်းပြည်ညီညွတ်ရေးကို အလေးအနက်ထားကြောင်း PNLO ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
Tai Freedom သတင်းဌာနရဲ့ ဖော်ပြချက်ကြောင့် ပဋိပက္ခတွေ ပိုမိုကြီးထွားလာစေနိုင်ပြီး ရှမ်းပြည်နယ်အတွင်း ညီညွတ်ရေးကိုလည်း ထိခိုက်စေနိုင်တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။