ကမ္ဘာ့ကဗျာနေ့ မြန်မာကဗျာဆရာများ ကျင်းပ

မြန်မာကဗျာဆရာပေါင်း ၂၀၀ ကျော်က ဒီနေ့ မတ်လ ၂၁ ရက်မှာ ကျရောက်တဲ့ ၁၂ နှစ်မြောက် ကမ္ဘာ့ကဗျာနေ့ကို ရန်ကုန်မြို့ ပြည်လမ်းမှာ ရှိတဲ့ ယုဒသန်ရိပ်သာမှာ ကျင်းပခဲ့ကြပါတယ်။

2011.03.21
ဒီပွဲကို ကဗျာဆရာကြီး ဒဂုန်တာရာက ငြိမ်းချမ်းရေး၊ ညီညွတ်ရေးနဲ့ ခေတ်သစ်ကို မျှော်မှန်းတဲ့ အကြောင်း သဝဏ်လွှာ ပေးပို့လိုက်ပါတယ်။ ဒါ့အပြင် ကျင်းပရတဲ့ ရည်ရွယ်ချက်ကလည်း ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် ဖြစ်တယ်လို့ ပွဲဖြစ်မြောက်ရေး ကြိုးပမ်းကြတဲ့ ကဗျာဆရာတွေကိုယ်စား ကဗျာဆရာ မောင်စိမ်းနီက RFA ကို ပြောပါတယ်။

“ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ် လုပ်တာပါပဲ။ အထူးသဖြင့် ကဗျာဆရာတွေ စည်းလုံးကြဖို့၊ ညီညွတ်ကြဖို့၊ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးကြဖို့၊ အားလုံးပေါ့၊ စုစုစည်းစည်းလေး ရှိကြဖို့ ဆရာကြီး ဒဂုန်တာရာရဲ့ ကဗျာကိုလည်း ဖတ်ပါတယ်။ ငြိမ်းချမ်းရေး၊ ညီညွတ်ရေးနဲ့ ခေတ်သစ်ကို မျှော်မှန်းတဲ့အကြောင်း၊ လူငယ်တွေရဲ့ စိတ်ကူးစိတ်သန်းတွေ ဒဿနတွေ တိုးတက် မြင့်မားလာဖို့နဲ့ ဒဿနတွေ အသစ်တွေ ရဖို့ မျှော်မှန်းတယ် ဆိုတဲ့ အကြောင်းလေးပဲ သဝဏ်လွှာပို့တာပါ။”

ရန်ကုန်မြို့က ကမ္ဘာ့ကဗျာနေ့ကို ကဗျာဆရာ သစ္စာနီ၊ ဆရာ မောင်လင်းရိပ်၊ ဆရာ မင်းထက်မောင်၊ ဆရာ မိုးဦးဆွေ၊ ဆရာ မောင်သာချိုတို့ အပါအဝင် ဆရာ ဇော်လူသစ်၊ ဆရာ ခန့်မင်းထက် စတဲ့ လူငယ်ကဗျာဆရာတွေ ပေါင်းစည်း ကျင်းပကြတာလို့ ပြောပါတယ်။

ဒီပွဲမှာ ကဗျာတွေ ရွတ်ကြသလို၊ စာတမ်းတွေလည်း ဖတ်ကြပြီး၊ တချို့ကဗျာတွေကို တီးလုံးနောက်ခံနဲ့ ဖန်တီး ရွတ်ဆိုကြတယ်လို့ သိရပါတယ်။

ကမ္ဘာ့ကဗျာနေ့ အခမ်းအနားကို သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်နဲ့ ကဗျာဆရာ ကိုလေး (အင်းဝဂုဏ်ရည်) တို့က မတက်ရောက်နိုင်ကြပေမဲ့ ကဗျာဆရာတွေ စုစုစည်းစည်း ကျင်းပနိုင်တဲ့ အတွက် အထူးဝမ်းသာမိတယ်လို့ ပြောကြပါတယ်။

ဒီနေ့ ကျရောက်တဲ့ ကမ္ဘာ့ကဗျာနေ့နဲ့ ပတ်သက်လို့ RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က စုစည်း တင်ပြထားပါတယ်။

ကမ္ဘာ့ကဗျာနေ့
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။