မိုင်ဂျာယန်မှာ သင်တန်း သွားတက်ပြီး ပြန်လာသူတွေ ဖမ်းဆီးခံရ


2016.10.13
kia-training-620.jpg KIA နယ်မြေ မိုင်ဂျာယန်မှာ သင်တန်းသွားတက်ခဲ့လို့ အဖမ်းခံရတဲ့သူတွေကို တွေ့ရစဉ်
ဓါတ်ပုံ - မြဝတီ

ကချင်လွတ်မြောက်ရေးတပ်မတော် KIA နယ်မြေ မိုင်ဂျာယန်မှာ သင်တန်းသွားတက်ခဲ့တဲ့ ပူတာအိုမြို့နယ် က ဒေသခံ ၄၉ ဦးကို တပ်မတော်က မတရားအသင်း ဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇ /၁ နဲ့ အမှုဖွင့်အရေးယူထားပြီး ဗန်းမော်အကျဉ်းထောင်မှာ ထိန်းသိမ်းထားပါတယ်။

စိုက်ပျိုးရေးနဲ့ ဥပဒေရေးရာသင်တန်းတွေ သွားရောက်တက်တဲ့လူငယ်တွေကို စစ်သင်တန်း တက်ရောက်တယ်ဆိုပြီး ဖမ်းဆီးသွားတာဖြစ်တယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ရဲ့ အထွေထွေအတွင်းရေးမှူး ဒေါက်တာ ဆမ်ဆွန် က ပြောပါတယ်။

"စိုက်ပျိုးရေးတို့ ဥပဒေရေးရာတို့ အမြင်ဖွင့်ပေါ့၊ သူတို့အဲမှာ တစ်လသွားပြီး တက်ပြီး ပြန်လာတာ၊ ဟိုမှာတော့ သူတို့က စစ်သင်တန်းပေးတာတွေ ဘာတွေပြောတာပေါ့၊ ဒါပေမယ့် မနက်ပိုင်း ကျန်းမာရေးလှုပ်ရှားမှုလောက် ပဲနေမှာပါ၊ ဒေသခံတွေနဲ့သွားပြီးတော့ အပြန်လာမှာ သူတို့ကို ၁၇ /၁ နဲ့ ငြိစွန်းတယ်ဆိုပြီးမှ သူတို့ကို ဖမ်းလိုက်တာ"

အဲဒီလူငယ်တွေက ဖွံ့ဖြိုးရေးသင်တန်းတွေ တက်ရောက်လိုတာကြောင့် ခရစ်ယာန်ဂိုဏ်းပေါင်းစုံ အဖွဲ့တွေ နဲ့ ဒေသခံတချို့က ကေအိုင်အေထိန်းချုပ်နယ်မြေ မိုင်ဂျာယန်မှာ သင်တန်းတက်ရောက်နိုင်ဖို့အတွက် စီစဉ်ပေးခဲ့တာ ဖြစ်တယ်လို့ ဒေါက်တာဆမ်ဆွန်က ပြောပါတယ်။

ဖမ်းဆီးခံထားရသူတွေဟာ မိုင်ဂျာယန်မှာ တစ်လကြာ သင်တန်းသွားရောက်တက်ခဲ့တာဖြစ်ပြီး သင်တန်းတက်ရောက်ပြီးအပြန် ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့နယ်မှာ အောက်တိုဘာ ၁၁ ရက်နေ့ ကဖမ်းဆီးခံရတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသား  ၄၃ ဦးနဲ့ အမျိုးသမီး ၆ ဦး ပါဝင်တယ်လို့ ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးက အတည်ပြုပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။