အမှုဖွင့်ခံထားရတဲ့ အောင်သပြေရွာသားတွေကို ရဲဝင်ရောက်ဖမ်းဆီး
2019.05.21

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာအနီး တည်ဆောက်နေတဲ့ ကျောက်မီးသွေးသုံး အယ်လ်ဖာဘိလပ်မြေစက်ရုံ စီမံကိန်း ဖျက်သိမ်းပေးဖို့ ဆန္ဒပြခဲ့ကြတဲ့ အောင်သပြေကျေးရွာသားတွေကို ဒီနေ့မနက်ပိုင်းမှာ ရဲတပ်ဖွဲ့ဝင် ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
လောလောဆယ် အောင်သပြေကျေးရွာကို ဒီနေ့မနက်က ရဲအင်အားနဲ့ ဝင်ရောက်ရှာဖွေ ဖမ်းဆီးတာတွေရှိတဲ့အတွက် တရွာလုံးနီးပါး ထွက်ပြေးတိမ်ရှောင်နေကြတယ်လို့ အမှုဖွင့်ခံထားရသူတွေထဲက ကျေးရွာသား တစ်ဦးဖြစ်တဲ့ ဦးရွှေအုန်းက ပြောပါတယ်။
အယ်လ်ဖာဘိလပ်မြေစက်ရုံကို မေလ ၁၅ရက်နေ့က ကန့်ကွက်ဆန္ဒပြရင်း ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပဋိပက္ခဖြစ်ပွားခဲ့တဲ့ မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာက သတင်းထောက်တစ်ဦး အပါအဝင် ရွာသား ၁၄ ယောက်ကို ရဲတပ်ဖွဲ့က မြို့နယ်ရဲစခန်းမှာ ပုဒ်မ သုံးခုနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
အဲဒီဖြစ်စဉ်မှာ Channel Mandalay TV သတင်းထောက် တစ်ယောက်နဲ့ ရွာသား နှစ်ယောက်ကို ဖမ်းဆီးထားပြီး ဦးရွှေအုန်း အပါအဝင် ၁၁ ယောက်ကို ပုသိမ်ကြီးမြို့မရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ကြေညာထားတာဖြစ်ပါတယ်။
ဒီနေ့မှာတော့ ပုသိမ်ကြီးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းဦးနဲ့ အောင်သပြေရွာသားတချို့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
တရားစွဲဆိုခံထားရတဲ့ အောင်သပြေကျေးရွာသားတွေနဲ့ ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေဆီကို RFA ကဆက်သွယ်ပေမယ့် အစည်းအဝေး ရှိကြောင်းသာ သိခဲ့ရပါတယ်။
ဒါ့အပြင် အယ်လ်ဖာဘိလပ်မြေစက်ရုံ မန္တလေးရုံးခွဲကို RFA က ဆက်သွယ်ချိန်မှာလည်း မနက်ဖြန်မှသာ ပြန်လည်ဆက်သွယ်ဖို့ ပြောပါတယ်။
မန္တလေးတိုင်း စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။
သတင်းထောက် တစ်ယောက်နဲ့ အောင်သပြေရွာသား စုစုပေါင်း ၁၄ ယောက်ကို ပုဒ်မ - ၃၃၃ ပြည်သူ့ဝန်ထမ်းကို ဝတ္တရားနှောင့်ယှက်မှု၊ ပုဒ်မ - ၄၃၅ ဆုံးရှုံးစေရန်အကြံနဲ့ မီးဖြင့်သော်လည်းကောင်း ပေါက်ကွဲစေတတ်တဲ့အရာနဲ့ အကျိုးဖျက်ဆီးမှု၊ ပုဒ်မ- ၁၁၄ ပြစ်မှုကျုးလွန်ရာမှာ အားပေးကူညီမှုတို့နဲ့ ရဲတပ်ဖွဲ့က အမှုဖွင့်ထားတာဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့တာပါ။