တာချီလိတ်မြို့ လောင်းကစားရုံမှာ ထိုင်း ၆ ဦး မြန်မာ ၁၃ ဦး အဖမ်းခံရ


2014.02.16
gamble-305.jpg လောင်းကစားဝိုင်းတစ်ခုကို တွေ့ရစဉ်
photo: Internet

ထိုင်းမြန်မာနယ်စပ် တာချီလိတ်မြို့မှာ တရားမဝင် ဖွင့်လှစ်ထားတဲ့ Las Vegas Hotel က ကာစီနို လောင်းကစားရုံကို ရှမ်းပြည်နယ်ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေဖမ်းဆီးရာ လောင်းကစားပစ္စည်းတွေ နဲ့အတူ ထိုင်းနိုင်ငံသား ၆ ယောက်နဲ့ မြန်မာနိုင်ငံသား ၁၃  ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ကျိုင်းတုံအခြေစိုက် ပြည်နယ်ရဲမှူးကြီး မျိုးလွင်အောင် ဦးစီးတဲ့ ရဲတပ်ဖွဲ့ကနေပြီး ဖေဖေါ်ဝါရီ ၁၅ ရက်နေ့ မနေ့မနက် ၁၀ နာရီခန့်က သတင်းအရ ဝင်ရောက် ရှာဖွေခဲ့ရာ အမျိုးသား ၁၀ ယောက် အမျိုးသမီး ၉  ယောက်နဲ့အတူ ထိုင်းဘတ်ငွေ ၁၉၂၈၆၀၀ နဲ့ညီမျှတဲ့ ငွေအစား ကစားတဲ့ပစ္စည်းတွေကို ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တာချီလိတ်မြို့နယ် ရဲတပ်ဖွဲ့ကို RFA က ဆက်သွယ်မေးမြန်းရာ ဖမ်းဆီးရမိတာ ဟုတ်မှန်ကြောင်း အတည်ပြုပြောပေမယ့် အသေးစိတ်ပြောဆိုဖို့အတွက် ငြင်းဆိုခဲ့ပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကို ထိုင်းအာဏာပိုင်တွေဖက်က အတိအကျ မသိရသေးဘူးလို့လည်း ထိုင်းနယ်စပ် အာဏာပိုင်တွေက ပြောဆိုပါတယ်။

ထိုင်းနိုင်ငံသား ၆ ယောက်ကိုတော့ အာမခံနဲ့ မြန်မာအာဏာပိုင်တွေက ပြန်လွတ်ပေးထားပေမယ့် ထိုင်းနိုင်ငံဘက်ခြမ်းကို ပြန်လာလို့ မရသေးကြောင်း၊ မြန်မာအာဏာပိုင်တွေက ဥပဒေအရ အမှုဖွင့်အရေးယူထားပြီး  အမှုထင်ရှားလို့ ပြစ်ဒဏ်ကျခံရမယ်ဆိုရင် အနည်းဆုံး ၆ လ ကနေ တစ်နှစ်အထိ ကျခံရနိုင်တယ်လို့လည်း သိရပါတယ်။

တာချီလိတ်မြို့က ဟော်တယ်အများစုဟာ ထိုင်းနိုင်ငံက ချမ်းသာတဲ့ ထိုင်းလူမျိုးတွေက နှစ်အလိုက် ပုတ်ပြတ်ငှားရမ်းပြီး အခုလို တရားမဝင် လောင်းကစားရုံတွေ ဖွင့်လှစ်ထားတာ အများအပြား ရှိနေကြတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။