မန္တလေးက လယ်သမားအရေး ကူညီသူ ၂ ဦးကို ဖမ်းဆီး
2016.10.24

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့က လယ်ယာမြေ သိမ်းဆည်းခံရတာတွေကို လိုက်ပါကူညီ ဆောင်ရွက်ပေးနေ တဲ့ မန္တလေးမြို့က လယ်သမားအရေး ကူညီသူ ၂ ဦးကို ဖမ်းဆီးသွားပြီး ဒီနေ့ ပြင်ဦးလွင်မြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
ပြင်ဦးလွင် ရဲတပ်ဖွဲ့က မနေ့ညက မန္တလေးမြို့မှာ လာရောက်ဖမ်းဆီးသွားတာဖြစ်ပြီး ဖမ်းတဲ့အချိန်မှာ ဖမ်းဝရမ်း မပါဘူးလို့ တောင်သူလယ်သမား၊ အလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ဝင် ကိုအေးသိန်းက ပြောပါတယ်။
"ကိုတိုးကြီးကတော့ မန္တလေး စိန်ပန်းရပ်ကွက် သူ့အိမ်မှာလာပြီးတော့မှ ပြင်ဦးလွင် ရဲတပ်ဖွဲ့ ကနေပြီးတော့မှ ဘာမှဖမ်းဝရမ်းလည်းမပါဘူးပေါ့ဗျာ အကြမ်းဖက် ပြီးတော့ ဖမ်းတာခံလိုက်ရတယ်။ ဦးမျိုးဝင်းကတော့ မနေ့က ပြင်ဦးလွင်ကို တက်သွားတဲ့အချိန်မှာ ၁၆ မိုင်ဂိတ်မှာ ရဲတပ်ဖွဲ့က အကြမ်းဖက်ပြီးတော့ ဖမ်းတာ ခံလိုက်ရတယ်။ ဦးမျိုးဝင်းနဲ့ ဦးတိုးကြီးက ဖမ်းဝရမ်းပြခိုင်းတယ်။ မပြဘူး။"
ဖမ်းဆီးခံထားရသူ နှစ်ဦးဟာ ပြင်ဦးလွင်မြို့က ကော်ဖီခြံစီမံကိန်းအတွက် သိမ်းဆည်းခံထားရတဲ့ ပြင်ဦးလွင် မြို့နယ် ပြင်စာကျေးရွာ၊ သက်ကံကျေးရွာနဲ့ သပြေရေကျေးရွာတွေက မြေယာတွေထဲမှာ ဒီလဆန်းလောက် က တောင်သူတွေ ဝင်ရောက်ထွန်ယက်ရာမှာ ကူညီခဲ့တဲ့အတွက် အဖမ်းခံရတယ်လို့လည်း ကိုအေးသိန်းက ပြော ပါတယ်။
ဖမ်းဆီးခံထားရတဲ့ ကိုမျိုးဝင်းနဲ့ ကိုတိုးကြီးတို့ကို ပြင်ဦးလွင်မြို့နယ်တရားရုံးမှာ တုတ်၊ ဓား၊ လက်နက်ကိုင်ဆောင်မှု ပုဒ်မ ၃၆၈၊ အကျိုးပျက်စီးစေမှု ပုဒ်မ ၄၄၀၊ ပိုင်နက်ကျုးလွန်မှု ပုဒ်မ ၄၄၇ တို့နဲ့ တရားစွဲဆိုထားပြီး အိုးဘိုအကျဉ်းထောင် မှာ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။