စစ်တွေမှာ လူ့အခွင့်အရေးနေ့ လှုပ်ရှားသူ သုံးဦးကို ဖမ်းဆီးပြီး အာမခံနဲ့ပြန်လွှတ်

ဝေယံမိုးမြင့်
2020.12.10

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဒီကနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသူတွေထဲက ရခိုင်လူငယ် သုံးဦးကို စစ်တွေအမှတ် ၁ ရဲစခန်းက ဖမ်းဆီးလိုက်ပါတယ်။

ဒီဇင်ဘာ ၁၀ ရက်နေ့ ဒီနေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ စစ်တွေမြို့ နယ် ပွိုင့်ကမ်းခြေအနီးမှာ အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေးလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

အဲဒီအစီအစဉ်မှာ ရခိုင်လူငယ် ၂၀ လောက်ပါဝင်ပြီး စိတ်ပါဝင်စားသူတွေ ပူးပေါင်းလာတဲ့အတွက် လူဦးရေ ၄၀ နီးပါးလောက် စုဝေးနေချိန်မှာ ရဲအင်အား ၆၀ လောက်နဲ့ လာရောက်ဖမ်းဆီးခဲ့တယ်လို့ ရခိုင် လူငယ်မျိုးဆက်သစ်ကွန်ရက်က မဦးခင်သိန်းက ပြောပါတယ်။

"ဆိုင်ကယ်တွေနဲ့ ကားတစ်စီး နှစ်စီးပါတယ် Mask ကမ်ပိန်းလုပ်ရင်းနဲ့ အင်္ကျီတွေဝတ်ပြီး ဗီနိုင်းတွေနဲ့ ဗီနိုင်းက အမျိုးသမီး အကြမ်းဖက်မှုပပျောက်ရေး စာတန်းတွေနဲ့ အဲလိုပုံစံရှိတာကို ရဲတပ်ဖွဲ့ အင်အား ၆၀ လောက်က လာပြီး  အဲလိုလုပ်လို့မရဘူးဆိုပြီး ခေါင်းဆောင်တွေလာ ဆိုပြီးခေါ်သွားတာ။ ကျမတို့အဖွဲ့ လူ ၂၀ ကျော် ၃၀ လောက်ရှိမယ်။ နောက်လာပြီး ပူးပေါင်းပါဝင်ကြ သူတွေလည်းရှိတယ်။"

ဖမ်းဆီးခံရသူ သုံးဦးဟာ ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်ကဖြစ်ပြီး ကိုသန်းလှ (ခ) ကိုမင်းဘာချေ၊ ကိုနိုင်နိုင်ထွန်း၊ မခိုင်မြတ်သူ တို့ဖြစ်ပြီး သူတို့ကို စစ်တွေမြို့နယ် အမှတ် ၁ ရဲစခန်းကို ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးထားသူ သုံးဦးကို ဘာကြောင့်ဖမ်းဆီးတယ် ဘယ်ပုဒ်တွေနဲ့ အရေးယူတယ်ဆိုတာကို စစ်တွေမြို့ နယ် အမှတ် ၁ စခန်း စခန်းမှူးထံကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံကိုလည်း ဒီလိုဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။

ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအစည်းအရုံး REC အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ကမ်ပိန်းလုပ်တဲ့လူငယ်တွေကို သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှုဥပဒေနဲ့ အရေးယူတာဖြစ်နိုင်ပြီး လူငယ်တွေရဲ့ ကမ်ပိန်းဟာ ဗိုင်းရပ်စ်ကို တကယ်ပဲ ပြန့်ပွားစေလားဆိုတာ မေးခွန်းထုတ်စရာဖြစ်တယ်လို့ ဆိုပါတယ်။

"အစိုးရဘက်က ဘေးစီမံဥပဒေအရ ဖမ်းတယ်လို့ ကျနော်ထင်တယ်။ ကျနော်ကြားရသလောက် လူငယ်တွေက ဆိုင်ကယ်တွေနဲ့ ကားတစ်စီး နှစ်စီးလောက်နဲ့ တန်းစီပြီးသွားတာလို့ ပြောတယ်။ ဒါဆိုရင် ဒါကရောဂါကူးစက်နိုင်ခြေမရှိဘူး ။ ဒီလူငယ်တွေလုပ်တာ တကယ်ပဲ ရောဂါကူးစက်နိုင်ဖို့ ဖြစ်သွားသလား။ အဲလိုမဟုတ်ဘဲ လူငယ်တွေ တစ်ခုခုလုပ်တာနဲ့ ဖမ်းတယ်ဆိုတာ ဒါက မဖြစ်သင့် ဘူးလေ။"

ရခိုင်လူငယ်တွေက အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးလှုပ်ရှားမှု၊ အမျိုးသမီးများ အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုနဲ့ နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှု သုံးခုပေါင်းပြီး ကမ်းခြေတလျှောက် ဆိုင်ကယ်စီးတာ၊ လမ်းလျှောက်တာ စတဲ့ အစီအစဉ်ကို လုပ်ခဲ့ကြတာဖြစ်ပါတယ်။

လူ့အခွင့်အရေးလှုပ်ရှားဆောင်ရွက်နေတဲ့ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအမျိုးသမီးအဖွဲ့ ဥက္ကဋ္ဌ နော်အုန်းလှက စစ်တွေမှာ အခုလိုဖမ်းဆီးခံခဲ့ရတာနဲ့ ပတ်သက်ပြီး ပြောပါတယ်။

"ဒီလိုမျိုးက နောင်မလုပ်ရဲအောင် တဆိတ်ရှိဖမ်းတယ်ဆိုတာ ပြီးခဲ့တဲ့ စစ်အာဏာရှင်လက်ထက်က ဒီလိုမျိုးဆက်သုံးနေတာ အခုလက်ရှိအစိုးရပေါ့ ။ ပြည်သူတွေက ငြိမ်းချမ်းရေးလိုချင်တယ် ပူးပေါင်းပါဝင်ဖို့ လိုအပ်တယ်။ နိုင်ငံတကာလူ့အခွင့်အရေးနေ့မှာ ဒီလိုမျိုးလုပ်တဲ့အတွက် စစ်အာဏာရှင်ထက်တောင် ပိုပြီးဆိုးတယ်လို့ ပြောချင်ပါတယ်။"

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးလှုပ်ရှားဆောင်ရွက်မှုတွေ နှစ်စဉ်နှစ်တိုင်းလုပ်ဆောင်နေခဲ့ပေမယ့်လည်း စစ်အာဏာရှင် အဆက် ဆက်ကတည်းက လူ့အခွင့်အရေးချိုးဖောက်ခံရာတွေ၊ တရားဥပဒေစိုးမိုးရေး အားနည်းနေတာတွေက ဆက်လက်ရှိနေတုန်းပဲလို့ လူ့အခွင့်အရေး လှုပ်ရှားလုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေက ပြောကြပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံရတဲ့ လူငယ် သုံးဦးစလုံးကို ဒီနေ့ညနေ ၄ နာရီခွဲမှာ ရဲစခန်းက အာမခံနဲ့ပြန်လွှတ်ပေးလိုက်ပါတယ်။

ပြန်လွတ်လာတဲ့ ကိုသန်းလှက သူတို့ရဲ့ကိုယ်ရေးရာဇဝင်တွေနဲ့ ဒီမနက်က လှုပ်ရှားမှုပြုလုပ်တဲ့အကြောင်းတွေကို မေးမြန်းခံခဲ့ရသလို အချိန် နှစ်ပတ်အတွင်းမှာ အမှုဖွင့်အရေးယူမယ်လို့ပြောဆိုပြီး အာမခံနဲ့ ပြန်လွှတ်လိုက်တာလို့ပြောပါတယ်။ ဒါပေမဲ့ ရဲက ဘယ်ပုဒ်မနဲ့ အမှုဖွင့်မယ်ဆိုတာကို ထုတ်ဖော်ပြောဆိုတာ မရှိဘူးလို့လည်း ကိုသန်းလှ က ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။