အသိမ်းခံလယ်များမှာ မထွန်ယက်ဖို့ သက်ဆိုင်ရာ တားမြစ်
2014.06.02

သာယာဝတီခရိုင် အုတ်ဖိုမြို့နယ် ထောက်ကြံ့ကွင်းကျေး ရွာမှာ အသိမ်းခံထားရတဲ့ လယ်ယာမြေတွေမှာ လယ် သမားတွေက ဝင်ရောက်ထွန်ယက်ဖို့ ဒီနေ့ကြိုးစား ရာ မြို့နယ်ရဲမှူးနဲ့ အုပ်ချုပ်ရေးက တားမြစ်ပြီး အဲ့ဒီလယ် ယာမြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ကိစ္စကို ၇ ရက် အတွင်း ဖြေရှင်းပေးမယ်လို့ ကတိပေးခဲ့ကြောင်း သိရပါတယ်။
လွန်ခဲတဲ့ ၁၉၈၈ ခုနှစ်က အုတ်ဖိုမြို့နယ် စမ်းကလေး ၊ ပြည်တော်သာ၊ စည်တော်သာ၊ သီတာ၊ ထောက်ကြံ့ ကွင်း၊ အေးမြသာယာစတဲ့ ကျေးရွာ ၁၀ ရွာက လယ်မြေ ဧက ၆ ထောင်ကျော်ကို ပဲခူးတိုင်းအစိုးရက အေးမြ သာယာ မြို့ပြစီမံကိန်း တည်ဆောက်ဖို့အတွက် သိမ်းယူခဲ့တာဖြစ်ပါတယ်။ အသိမ်းခံရတဲ့ရွာတွေက လယ်မြေတွေမှာ ပြန်လည်ဝင်ရောက်ထွန်ယက်ဖို့ လယ်သမားတွေက ကြိုးစားခဲ့တာဖြစ်ပါတယ်။ ဒီနေ့ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး အေးမြသာယာစံပြကျေးရွာက လယ်သမား ဦးမောင်မြင့်က အခုလို ပြောပါတယ်။
"အုတ်ဖိုမြို့နယ်ရဲမှူး၊ နောက်အုတ်ဖိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးလည်းပါပါတယ်၊ တစ်ပတ်လောက်စောင့်ပါဦးတဲ့၊ အဖွဲ့အစည်းတွေကို တင်ပြပြီး အစည်းအဝေးလုပ်ပြီးတော့ ပြောဆို ပါမယ်လို့ပြောတယ်၊ သူတို့ကတိပေး တဲ့အတိုင်းပဲ တစ်ပတ်စောင့်လို့ သူတို့ဘက်က ကတိမတည်ရင် ဖမ်းလည်းဖမ်းပေါ့ ထွန်တုန်းတိုက်ပွဲ ဆက်လုပ် ပါမယ်"
အဲ့ဒီမြို့ပြစီမံကိန်းအတွက် အသိမ်းခံရတဲ့အထဲမှာ ထောက်ကြံ့ကွင်းကျေးရွာက လယ်မြေဧက ၂၅၀ ကျော်ပါတယ်လို့ သိရပါတယ်။ ထောက်ကြံ့ကွင်းကျေးရွာက သိမ်းထားတဲ့လယ်မြေဧက ၂၅၀မှာ အခုချိန်ထိ မြို့ပြစီမံကိန်းအတွက် အကောင်အထည်ဖော် လုပ်ဆောင်တာမရှိဘဲ တချို့ကို ပြန်လည်ရောင်းချထားတယ်လို့လည်း သိရပါတယ်။