ကံကောင်းခြင်းရတနာ အလုပ်သမားတွေ စဉ့်ကိုင်မှာ သပိတ်စခန်းဖွင့်
2014.06.06

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ ရှမ်းကန်ကျေး ရွာက ရွာဦးကျောင်းမှာ ခိုလှုံနေတဲ့ ကံကောင်းခြင်း ရတနာ သစ်အချောထည်စက်ရုံ အလုပ်သမား ၇၀၀ ကျော်ဟာ သူတို့ရင်ဆိုင်နေရတဲ့ ပြဿနာတွေ ကို ဖြေရှင်းပေးဖို့ မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးကို ချီတက်လာစဉ် စဉ့်ကိုင်မြို့အထွက်မှာ တိုင်းဒေသကြီး ရဲတပ်ဖွဲ့က တားဆီးခဲ့တဲ့အတွက် အဲ့ဒီနေရာမှာပဲ ယာယီသပိတ်စခန်း ဖွင့်လှစ်ခဲ့ကြ ပါတယ်။
ဒီနေ့ မန္တလေးတိုင်းဒေသကြီး အစိုးရရုံးကို ချီတက်ဆန္ဒပြ ရတဲ့အကြောင်းကို ဆန္ဒပြအလုပ်သမား ခေါင်းဆောင် ကိုသက်နှင်းအောင်က အခုလိုပြောပါတယ်။
"ပြီးခဲ့တဲ့လ ၂၁ ရက်နေ့က ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံ အလုပ်ရှင်က အလုပ် သမားတွေကို အလုပ်ရှင်အလုပ်သမား သဘောတူ စာချုပ် မထိုးတဲ့အတွက်ကို ကျနော်တို့ကို ဆွဲထုတ် ခဲ့တယ်၊ စက်ရုံထဲကနေပြီးတော့ မောင်းထုတ်ခဲ့တယ်၊ အဲဒီကြောင့် ရှမ်းကန်ကျေးရွာ ဘုန်းတော်ကြီးကျောင်း မှာ ဒုက္ခသည်အဖြစ် ခိုလှုံခဲ့တယ်၊ ခိုလှုံတဲ့အခါ ၂၁ ရက်နေ့ကစပြီးတော့ ဒီပြဿနာဖြစ်ပွားခဲ့တာ ဒါပေမဲ့ အလုပ်သမား ဝန်ကြီးရော၊ ပြည်ထဲရေးအနေနဲ့ရော တခြားသောအဖွဲ့အစည်းကပါ ဒီကိစ္စမှာဝိုင်းဝန်းကူညီတာမျိုး မရှိဘူး"
အလုပ်သမားတွေကို တားဆီးခဲ့တဲ့ မန္တလေးတိုင်းဒေသကြီးရဲမှူးက အထက်ညွှန်ကြားချက်အရ ဖြတ်သန်းခွင့် မပြုတာဖြစ်တယ်လို့ အခုလို ပြောပါတယ်။
"ကျနော်တို့တာဝန်ကတော့ ဒီအဖွဲ့ကို မန္တလေးမြို့ကို သွားခွင့်မပြုပါဘူး၊ အထက်ကအမိန့်ပါ၊ ခင်ဗျားတို့ဖြစ်တဲ့ ပြဿနာအားလုံးကို ဒီမှာကျနော်တို့ကိုပြောပြပါ"
ဒီနေ့ တိုင်းဒေသကြီးရုံးမှာ ဆန္ဒပြဖို့ သွားခဲ့ကြတဲ့ ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံက အလုပ်သမားတွေဟာ အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ်မှာ လက်မှတ်မထိုးလို့ဆိုပြီး ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့က အထုတ်ခံလိုက်ရသူတွေဖြစ်ပါတယ်။
စက်ရုံက အထုတ်ခံလိုက်ရတဲ့နောက် စက်ရုံအနီးက ရှမ်းကန်ရွာဦးကျောင်းမှာ ဒုက္ခသည်တွေအဖြစ် ခိုလှုံနေထိုင်နေတာဖြစ်ပါပြီး အဲ့ဒီရွာဦးကျောင်းကနေ ဒီနေ့ ဇွန်လ ၆ရက်နေ့ နောက်ဆုံးထားပြီး ထွက်သွားဖို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ညွှန်ကြားထားတာဖြစ်ပါတယ်။
ဒီအကြောင်း RFA သတင်းထောက် မခင်ပြည့်စုံတင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။