ထွန်တုံးတိုက်ပွဲ ကူညီသူ သုံးဦး ဖမ်းဆီးခံရ
2013.06.11
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တစ်ဝိုက်က အသိမ်းခံထားရတဲ့ လယ်မြေတွေမှာ ထွန်ယက်စိုက်ပျိုးတဲ့သူတွေကို ကူညီပေးခဲ့တဲ့ မိတ္ထီလာပြည်သူ့ အကျိူးဆောင်ကွန်ရက်အဖွဲ့ဝင် ဒေါ်မြင့်မြင့်အေး၊ ဒေါ်ခင်မိမိခိုင်နဲ့ ကိုသန့်ဇင်ထိုက်တို့ သုံးဦးကို နတ်တလင်းရဲစခန်းက တရားလိုပြုလုပ် တရားစွဲဆိုပြီး ဒီကနေ့ ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။
အသိမ်းခံထားရတဲ့ လယ်ယာမြေတွေမှာ ထွန်ယက်စိုက်ပျိုးခဲ့ကြတဲ့ လယ်သမားတွေကို အကူအညီပေးနေသူသုံးဦးကို အရေးယူထားတာနဲ့ ပတ်သက်လို့ တရားစွဲခံနေရသူ ဒေါ်ခင်မိမိခိုင်က စစ်ဆေးမှုအပြီး အဖမ်းမခံရခင်မှာ RFA ကို အခုလို ပြောပါတယ်။
"၁ဝ ရက်နေ့မနက်မှာ သူတို့ထွန်တုံးတိုက်ပွဲလုပ်တယ်၊ ကျမတို့က သွားပြီးတော့ကြည့်တယ်၊ အဲဒါ မနေ့ကမနက်ကတည်းကမှ မြို့နယ်ထွေအုပ်ကနေပြီးတော့ ကျမတို့ကို မနက် ၈ နာရီ အစည်းအဝေးလာပါဆိုပြီးတော့ ဆင့်ခေါ်စာနဲ့ခေါ်ပါတယ်၊ ရဲစခန်းမှာ ကျမတို့ကို ရဲကနေပြီးတော့ စစ်ချက်ယူပါတယ်၊ ဘာနဲ့အရေးယူမယ်ဆိုတာတော့ ကျမတို့ မသိရသေးပါဘူး၊ ကျမတို့ဟာ အဲ့ထွန်တုံးတိုက်ပွဲကို ဦးဆောင်ပါတယ်ပေါ့နော်၊ တရားဥပဒေစိုးမိုးရေးနဲ့ ငြိမ်းချမ်းရေးကို ထိခိုက်ပါတယ်ဆိုပြီးတော့ သူတို့ပြောပါတယ်"
နတ်တလင်းမြို့နယ် ချောင်းကမ်းကြီးနဲ့ သဲမခန်းကျေးရွာကြားမှာရှိတဲ့ သက်ကြီးကြိုးဝိုင်းက လယ်ယာမြေဧက ၄ဝ ကို ၁၉၉၈ ခုနှစ်ကစလို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သိမ်းယူခဲ့တာဖြစ်ပြီး မနှစ်ကအထိ သီးစားချ လုပ်ကိုင်ခွင့်ပေးခဲ့တယ်လို့ သိရပါတယ်။ ဒီနှစ်မှာ လုပ်ကိုင်ခွင့်မရတော့တဲ့အတွက် ပြန်လည်လုပ်ကိုင်ခွင့်ရဖို့ မနေ့က လယ်သမားတွေ ဝင်ရောက်ထွန်ယက် စိုက်ပျိုးခဲ့ကြတာဖြစ်ပါတယ်။
အခုလို ဖမ်းဆီးအရေးယူမှုနဲ့ ပတ်သက်လို့ RFA က နတ်တလင်းရဲစခန်းကို ဆက်သွယ်မေးမြန်းတဲ့အခါမှာ လယ်သမားတွေအတွက် ကူညီပေးနေတဲ့ အဲဒီကွန်ရက်အဖွဲ့ဟာ တရားဝင်အဖွဲ့အစည်းမဟုတ်တဲ့အတွက် အရေးယူတာဖြစ်တယ်လို့ တာဝန်ကျရဲအရာရှိတစ်ဦးက အခုလို ဖြေကြားခဲ့ပါတယ်။
"ပြည်သူ့အကျိုးဆောင်ကွန်ရက် ဆိုလားဗျ၊ အဲဒါ တရားဝင်ဖွဲ့စည်းမှု မတင်ထားပဲနဲ့ဖွဲ့ထားတဲ့ အဖွဲ့အစည်းဖြစ်တယ်ဆိုပြီးတော့ ကျနော်တို့ မြို့နယ်အုပ်ချုပ်ရေးမှူးက တရားလိုလုပ်ပြီးတော့ ဖွင့်တာဗျ၊ ကျနော်တို့က စစ်ဆေးပြီးတော့ ဥပဒေအကြံပြုချက်တင်တာတို့ ဘာတို့လုပ်ပြီးမှ တရားစွဲမှာပါ"
ဖမ်းဆီးစစ်ဆေးခံရသူ ဒေါ်မြင့်မြင့်အေးတို့ သုံးဦးကို နတ်တလင်း တရားသူကြီးအမိန့်နဲ့ ပေါင်းတည်အချုပ်ခန်းမှာ ဒီကနေ့ညနေပိုင်းက ပြောင်းရွှေ့ထိန်းသိမ်းထားပြီး အမှုကို ဆက်လက်စစ်ဆေးသွားမှာ ဖြစ်တယ်လို့ နတ်တလင်းရဲစခန်းက ပြောပါတယ်။