စစ်တွေအခြေစိုက် DMG သတင်းဌာနကို ရဲတပ်ဖွဲ့ ခေါ်ယူစစ်ဆေး
2019.05.06
ရခိုင်ပြည်နယ် စစ်တွေမြို့ အခြေစိုက် Development Media Group (DMG) သတင်းဌာနက အမှုဆောင်ဒါရိုက်တာ ဦးအောင်မင်းဦးနဲ့ တာဝန်ရှိသူတွေကို သတင်းရဲတပ်ဖွဲ့ SB က မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၂) နဲ့ တရားထားတာကို စစ်တွေမြို့မ ရဲစခန်းမှာ ခေါ်ယူစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
မနေ့ညနေက စစ်တွေမြို့ အမှတ်(၁)ရဲစခန်းက ရဲအရာရှိတွေက အရပ်ဝတ်နဲ့ DMG သတင်းဌာနရုံးကို ရောက်ရှိလာပြီး မေးမြန်းစရာရှိလို့ ရဲစခန်းကို လာရောက်ဖို့ပြောဆိုခဲ့ပြီးနောက် သတင်းထောက်ချုပ် ကိုနေဝင်းစံကို ရဲစခန်းမှာ စစ်ဆေးခဲ့သလို ဒီနေ့မနက်မှာလည်း ကိုနေဝင်းစံနဲ့ နောက်ထပ် သတင်းထောက်တစ်ဦးကို ထပ်မံစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
မနေ့က အမှတ်(၁) ရဲစခန်းက အမှုစစ်အရာရှိက Development Media Group ကို ရခိုင်ပြည်နယ် သတင်းတပ်ဖွဲ့က တရားလိုလုပ်ပြီးတော့ အယ်ဒီတာချုပ် ဦးအောင်မင်းဦးနဲ့ သတင်းဌာန တာဝန်ရှိသူတွေကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၂) နဲ့အရေးယူဖို့ တိုင်ကြားထားတဲ့အကြောင်း ပြောဆိုခဲ့တယ်လို့ သတင်းထောက်ချုပ် ကိုနေဝင်းစံက ပြောပါတယ်။ ဒါပေမဲ့ ဘာကြောင့်အမှုဖွင့်ရသလဲလို့ မေးမြန်းရာမှာတော့ တိတိကျကျ ပြောဆိုတာမရှိဘူးလို့လည်း ကိုနေဝင်းစံက ပြောပါတယ်။
ဒီနေ့မနက်က ရဲစခန်းမှာ ထပ်မံစစ်ဆေးခဲ့ရာမှာ သတင်းထောက်ရဲ့တာဝန်နဲ့ ဘယ်လိုသတင်းရေးတယ် ဆိုတဲ့အကြောင်းကို မေးမြန်းခဲ့တယ်လို့လည်း သိရပါတယ်။ RFA က စစ်တွေမြို့၊ အမှတ်(၁) ရဲစခန်းက စခန်းမှူး ဦးအောင်မြဦးကို အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။
အပြင်မှာသတင်းထွက်နေသလို သတင်းသမားတွေကို မနေ့က ဖမ်းဆီးလိုက်တယ်ဆိုတာ မဟုတ်ဘူးလို့လည်း DMG က ပြောပါတယ်။
သတင်းတပ်ဖွဲ့က DMG အယ်ဒီတာချုပ်ကို တရားစွဲဆိုထားမှုနဲ့ ဆက်စပ်ပြီး DMG သတင်းဌာနက သတင်းထောက်ချုပ်နဲ့ သတင်းထောက် တစ်ဦးကို အမှတ်(၁) ရဲစခန်းက မနေ့ညနဲ့ ဒီနေ့မနက်တွေမှာ ခေါ်ယူစစ်ဆေးတာတွေ ဆောင်ရွက်ခဲ့ပါတယ်။
အဲဒီလိုခေါ်ယူစစ်ဆေးချိန်မှာ အယ်ဒီတာချုပ်နဲ့ တာဝန်ရှိသူတွေကို သတင်းတပ်ဖွဲ့က တရားမဝင် အသင်း ဆက်သွယ်မှုဥပဒေပုဒ်မ ၁၇ (၂) နဲ့ အမှုဖွင့်ထားတယ်လို့ ရဲတပ်ဖွဲ့က အသိပေးခဲ့ပါတယ်။
သမီးလှကျေးရွာကို ဖေဖော်ဝါရီလက သတင်းသွားရောက်ယူခဲ့တာနဲ့ ပတ်သက်ပြီး ရဲစခန်းက ဒီနေ့မနက်မှာ မေးမြန်းစစ်ဆေးတာတွေလုပ်ခဲ့တယ်လို့ DMG သတင်းဌာနက သတင်းထောက် ကိုသက်နိုင်က ပြောပါတယ်။
"ကျွန်တော်ရေးထားတဲ့သတင်းတွေနဲ့ ပတ်သက်ပြီး ကျွန်တော့်ကိုမေးတာပေါ့နော်။ သမီးလှဖြစ်စဉ်မှာ ကျွန်တော်နယ်မြေဆင်းပြီး သတင်းယူတယ်လေ။ ရုပ်သံတွေ လုပ်ထားတာတွေကို စစ်တယ် သူတို့တွေ၊ ဒီသတင်းကို ကိုယ်တိုင်သွားယူတာလား။ ဘယ်သူတွေပါလဲ။ သွားယူတဲ့အချိန်မှာ အဲ့သတင်းတွေကို ဘာကြောင့် ထုတ်ဝေရတာလဲ။ ဘာရည်ရွယ်ချက်ရှိလို့လဲ။ အဲ့လိုခေါ်စစ်ရင် ကျွန်တော်တို့ အစစ်မခံဘူး ကျွန်တော်တို့ ငြင်းလို့မရဘူး။ အမှုဖွင့်ရင်တော့ ဒီသတင်းက ဘာနဲ့မကိုက်ညီလို့ ဘာကြောင့် ဘယ်လို ဖြစ်နေလို့ ကျွန်တော်တို့ ဘာမှမသိရဘူး"
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ သမီးလှကျေးရွာမှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ဒေသခံတွေကို လက်နက်ကိုင်အဖွဲ့တွေက ရိုက်နှက်တာတွေနဲ့ ကျည်ထိမှန်ပြီး အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပါတယ်။
ဒါ့အပြင်ဒေသခံတွေက ဇန်နဝါရီလ ၂၆ ရက်နေ့မှာ အစိုးရလုံခြုံရေးတပ်ဖွဲ့က ငွေကြေးနဲ့ အဖိုးတန်လက်ဝတ်ရတနာတွေ ယူဆောင်သွားတယ်လို့ ပြောထားတာတွေ ရှိပါတယ်။
ရဲစခန်းရဲ့ မေးမြန်းစစ်ဆေးမှုကို ခံခဲ့ရတဲ့ DMG သတင်းဌာနရဲ့ သတင်းထောက်ချုပ် ဦးနေဝင်းစံက သူကို မြောက်ဦးမြို့မှာ ကွယ်တဲ့လဆိုတဲ့ သတင်းဆောင်းပါးနဲ့ ပတ်သက်ပြီး မေးမြန်းစစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ ပြောပါတယ်။
"စစ်တာကတော့ ဒီဂျာနယ်မှာ တာဝန်ယူထားတဲ့သူတွေရဲ့ လုပ်ဆောင်မှုတွေ၊ နေရပ်တွေ၊ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ဖြစ်ခဲ့တဲ့ မြောက်ဦးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကျွန်တော်က ၂၀၁၉ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ရေးတဲ့ မြောက်ဦးမြို့မှာကွယ်တဲ့လ အဲဒီဆောင်းပါးနဲ့ပတ်သက်ပြီး ကျွန်တော့််ကိုမေးတယ်။ ဘယ်လိုရည်ရွယ်ချက်ကြောင့်ရေးတာလဲ။ ဘာကြောင့်ရေးတာလဲ။ ဘယ်သူတွေကို မေးပြီးရေးတာလည်းပေါ့"
အယ်ဒီတာချုပ် ဦးအောင်မင်းဦးနဲ့ တာဝန်ရှိလူကြီးတွေဟာ ခရီးလွန်နေကြတယ်လို့ ပြောပါတယ်။
ဘယ်လိုဆောင်ရွက်ချက်တွေကြောင့် DMG ရဲ့ အယ်ဒီတာချုပ်နဲ့ တာဝန်ရှိသူတွေကို တရားမဝင် အသင်း ဆက်သွယ်မှုဥပဒေပုဒ်မနဲ့ အမှုခံထားရတယ်ဆိုတာကို ရဲစခန်းက DMG သတင်းဌာနက သတင်းထောက်ချုပ်နဲ့ သတင်းထောက်တို့ကို အတိအလင်း ပြောလိုက်တာမရှိပါဘူး။
ပုဒ်မ ၁၇ (၂) ဟာ မတရားအသင်းလိုကြေညာထားတဲ့ အဖွဲ့အစည်းတွေရဲ့ စီမံအုပ်ချုပ်မှုမှာ ပါဝင်ဆောင်ရွက်တာ၊ အစည်းအဝေးဖြစ်မြောက်ရေးအတွက် ကူညီဆောင်ရွက်ပေးတာ၊ ဆော်သြပေးတာတွေ လုပ်ဆောင်ရင် တရားစွဲဆိုနိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။
မတရားအသင်းဥပဒေပုဒ်မအရ တရားစွဲဆိုနိုင်တဲ့ အခြေအနေတွေကို တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က အခုလို ပြောပြပါတယ်။
"၁၇ ပုဒ်မ ခွဲ (၂) ထောင်ဒဏ် ၃ နှစ်ထက်မနည်း ၅ နှစ်ထက်မပိုသော ထောင်ဒဏ်ကျခံရမှာဖြစ်တဲ့ အပြင် ငွေဒဏ်လည်းကျခံရမည်လို့ ဖော်ပြထားပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနက အမိန့်ကြေညာစာ ထုတ်ထားမှ မတရားအသင်းဖြစ်တယ်"
RFA က စစ်တွေမြို့၊ အမှတ်(၁) ရဲစခန်းက စခန်းမှုး ဦးအောင်မြဦးကို အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။ ဒါ့အပြင် ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့က ဒုတိယရဲမှူးကြီး မောင်မောင်စိုးကို ဆက်သွယ်ရာမှာလည်း အပြင်သွားကြောင်းသာ ဖြေကြားပါတယ်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်နေတဲ့ တိုက်ပွဲတွေ၊ ပဋိပက္ခတွေအပါအဝင် ဒုက္ခသည်အရေးတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုအခြေအနေတွေနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်အခြေစိုက် သတင်းမီဒီယာတွေက ပိုမိုစောင့်ကြည့်မှုတွေ လုပ်ဆောင်နိုင်ပြီး အခုလို တရားစွဲဆိုမှုတွေကြောင့် အဖြစ်မှန်တွေ မဖော်ပြရဲမယ့် အခြေအနေတွေရှိလာမှာကို စိုးရိမ်မှုတွေရှိနေပါတယ်။
ရခိုင်အမျိုးသားပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က သူ့အမြင်ကို အခုလို ပြောပါတယ်။
"၁၇ (၂) နဲ့ အမှုဖွင့်ထားတာမှာ မတရားအသင်းတွေနဲ့ ဘယ်လိုဆက်သွယ်သလဲဆိုတဲ့ အပေါ်မှာ စွပ်စွဲတဲ့သူက သက်သေပြရမယ့် တာဝန်ရှိတာပေါ့။ DMG ကလူတွေက သတင်းသမားတွေပဲ။ ဘယ်လိုကြောင့် သတင်းသမားတွေကို မတရားအသင်းနဲ့ ဆက်သွယ်တယ်ဆိုပြီး သတင်းသမားတွေကို သတင်းကြောင့်သာ ဒီလိုအရေးယူမယ်ဆိုရင် သတင်းလွတ်လပ်ခွင့်အတွက် ကျွန်တော်တို့ နိုင်ငံမှာ တော်တော်ထိခိုက်သွားပြီလို့ အဲလိုပြောနိုင်ပါလိမ့်မယ်ခင်ဗျ"
DMG သတင်းဌာနဟာ ၂၀၁၂ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ သတင်းဌာနဖြစ်ပါတယ်ရှင်။
ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် နဲ့ မဝေမာထွန်း ပေးပို့တာပါ။