လက်ပံတောင်းမှာ ရဲတွေ သေနတ်ပစ်ဖောက်လူစုခွဲ


2015.02.10
lpt-wan-paung-305.jpg လက်ပံတောင်းတောင် ဆည်တည်းရွာမှာ ခြံစည်းရိုးလိုက် ခတ်နေတဲ့ ဝမ်ပေါင်ကုမ္ပဏီဝန်ထမ်းတွေကို ဒီဇင်ဘာလ ၂၃ ရက်နေ့က တွေ့ရစဉ်
Photo: Kyaw Zaw Win/RFA

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် ဆည် တည်းကျေးရွာအနီးက လက်ပံတောင်းတောင် ကြေး နီစီမံကိန်းဧရိယာမှာ ဝမ်ပေါင်ကုမ္ပဏီက မြေတူး စက်တွေနဲ့ ဒီနေ့ ဝင်ရောက်တူးဖော်နေတာကို ဒေသ ခံတွေကတားဆီးရာ လုံခြုံရေးရဲဝန်ထမ်းတွေ က သေနတ်ပစ်ဖောက်ပြီး လူစုခဲွဲခဲ့ပါတယ်။

ဝမ်ပေါင်ကုမ္ပဏီက မြေတူးစက်တွေနဲ့တူးဖော်ရာ မှာ လျော်ကြေးမယူထားတဲ့ လယ်ယာမြေတွေပါဝင် တာကြောင့် ဒေသခံတွေက ဝင်ရောက်တားမြစ်တာဖြစ် တယ်လို့ ဆည်တည်းရွာခံ မမာမာရွှေက ပြောပါတယ်။

"သူတို့ ဘူဒိုဇာတွေနဲ့ စက်ယန္တရားကြီးတွေ နဲ့ လျော်ကြေးမယူတဲ့ လယ်ယာတွေကို ဖျက်စီးပစ်နေတာကို ဒေသခံတွေအနေနဲ့ကတော့ ညှိတာပေါ့နော်၊ သူတို့ဘက်က ရဲတွေရော၊ လုံထိန်းတွေရော အင်အားတွေသုံးပြီး ဒေသခံတွေကို ဂွတွေနဲ့ပစ်တယ်၊ သေနတ်နဲ့ဖောက်ပြီး လူစုလည်းခွဲတယ်၊ ဒဏ်ရာတွေတော်တော်များများရတယ်၊ အခုလည်း လုပ်နေတယ် ပြေးနေရတယ်၊ ဒေသခံတွေအနေနဲ့ စောင့်ကြည့်နေရုံပဲ၊ သူတို့က ဆက်လုပ်မြဲအတိုင်းလုပ်နေတာ"

ဒေသခံတွေ သပိတ်စခန်းဖွင့်ထားတဲ့ ဆည်တည်းရွာအနီးက ခြံစည်းရိုးဝင်းအတွင်းမှာ ဝမ်ပေါင်ကုမ္ပဏီက ဝန်ထမ်းနဲ့ လုံခြုံရေးရဲဝန်ထမ်း ၂၀၀ လောက်က စက်ယန္တရားတွေနဲ့ ဝင်ရောက်တူးဖော်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၂ ရက်နေ့က လိပ်ခွံတောင်ခြေမှာ ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးဝင်ခတ်ရာ ဒေသခံတွေနဲ့ ပဋိပက္ခဖြစ်ပွားပြီး ဒေသခံတောင်သူ ၁ ဦးသေဆုံးခဲ့ပါတယ်။

အဲဒီလိုခြံစည်းရိုးခတ်ရာမှာ လျော်ကြေးမယူထားတဲ့ လယ်ယာမြေတွေပါဝင်နေတာကြောင့် ဒေသခံတွေက ဆည်တည်းရွာမှာ သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြနေတာ ရက်ပေါင်း ၄၀ လောက် ရှိပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။